အဆုံးသတ်မဲ့သည့် ပန်းဖြူဖြူတို့၏ ရှည်လျားများပြားစွာ ပေါက်ရောက်မှုကားသိမ်မွေ့သည်။ ပြာလွင်သည့် ထက်အာကာပြင်အား ဆန့်ကျင်ထားသည့် ပွင့်ဖက်ဖြူနုနုတို့မှာအပြစ်ကင်း၏။
လေနှင်ရာသို့ ယိမ်းနွဲ့နေသည့် ၄င်းပန်းဖြူဖြူတို့ကား သင်းထုံသည့် ရနံ့မျိုးနှင့် ဝါလွှင့်သည့် ဝတ်ဆံတို့ဖြင့် အလှဆင်ခြင်းခံထားရသည့်နှယ်။
ဒေစီတွေဟာ သိမ်မွေ့လှပလွန်းပါဘိ။
"ကျေနပ်ရဲ့လားဗျ"
"မဆိုးဘူး၊ တာဝန်ကျေတယ်။"
အသိအမှတ်ပြုခံလိုက်ရသည့် ကြိုးစားမှုတို့ကြောင့် အသက်ခပ်လတ်လတ်ဥယျာဉ်မှူး၏ညိုညစ်ညစ်မျက်နှာမယ် အပြုံးပန်းတို့ကား ဝေဝေဆာဆာဖြစ်လာတော့သည်။
"ကျေးဇူးတင်ပါတယ်၊ တကယ်ကျေးဇူးတင်ပါတယ်"
ခေါင်းအား ညွှတ်ချကာ အထပ်ထပ်ကျေးဇူးတင်နေသည့် ဥယျာဉ်မှူးကား အမှန်ပင်ရွှင်ပြနေလေ၏။
သို့သော် လက်နှစ်ဖက်အားနောက်ပါးသို့ပို့ထားရင်း ရှေ့သို့ရှူမျှော်နေသည့် အီသန်၏ဖြောင့်တန်းတန်းမျက်ခုံးအောက်မှ ညိုဖိန့်ဖိန့် မျက်စံအိမ်တို့ကား ဖြေးညှင်းစွာ ရွေ့လျားသွားနေခဲ့သည်။ထိုကား တစ်စုံတစ်ရာကို မျက်ခြေမပြတ်စေ့စပ်ကြည့်နေသွင် ရှိသည်။
"တစ်စိတ်.. မင်းဒီပန်းခင်းထဲကို လူတွေဝင်ထွက်သွားလာခွင့်ပေးထားတာလား"
အီသန့်ခပ်ငြိမ်ငြိမ်အမေးစကားနောက် နံဘေးမှ ရပ်နေသူ ဥယျာဉ်မှူးကား ခပ်ပြာပြာပင်ခေါင်းကိုသံပတ်ပေးထားသည့်နှယ် ပြုတ်ထွက်သွားမတတ် ခါရင်း။
"လုံးဝ ဝင်ထွက်ခွင့်မပြုထားပါဘူး။CEO မကြိုက်မှာကိုသိလို့ တင်းကျပ်ထားပါတယ်။မြို့ခံတွေကလည်း မြင်ရရုံပဲ လာကြည့်တတ်ပြီး ပန်းခင်းထဲထိ ဘယ်သူမှ မဝင်ထွက်ကြပါဘူး။ တစ်ယောက်ယောက်ကိုများ တွေ့လိုက်လို့လားဗျ"
"ရပြီ၊ မင်းသွားတော့"
တခုတ်တရ ဖြေရှင်းချက်ခပ်ရှည်ရှည်ပေးနေသည့် ထိုသူကား ခပ်ပြတ်ပြတ်အီသန်၏ စကားသံနောက် နှုတ်ဆိတ်သွားကာ ခပ်သော့သော့ထွက်သွားတော့၏။