1 (unicode)

3K 165 4
                                    

အဲဒီနေ့ကသာ မိုးမရွာခဲ့ရင်
စာကြည့်တိုက်ထဲ ဝင်ခဲ့မိမှာ မဟုတ်ဘူး ။
လဲ့မှာသာ ထီးပါခဲ့ရင်
နောင့်ရဲ့ထီးအဝါလေးကို
ငှားလိုက်မိမှာ မဟုတ်ဘူး ။
လဲ့နဲ့သာ မတွေ့ခဲ့ရင်
မျက်ရည်တွေခမ်းမှာ မဟုတ်ဘူး ။

× × × × ×

နောင့်ကို အရူးလိုပြောလည်း လက်ခံရမှာပဲ ။ နောင့်ရဲ့ နှလုံးသားက ကြမ်းတမ်းခဲ့ပေမယ့် လဲ့ကိုသာ မြတ်နိုးမိခဲ့တယ် ။ အစအဆုံး ပြန်စဉ်းစားမိတိုင်း ' နောင့်ကို ချစ်ပါတယ် ' ဆိုတဲ့ လဲ့ရဲ့အဖြေက မျက်ရည်တွေခမ်းစေခဲ့တယ် ။ ဘယ်လိုမေ့နိုင်မလဲ လဲ့ရယ် ။ ဒီလောက်နှစ်တွေ ကြာသွားတာတောင် တကယ်ဆို နောင်လည်း မေ့သင့်နေပါပြီ ။ ဦးနှောက်က မေ့ဖို့အကြောင်းဖန်တိုင်း နောင့်ရဲ့နှလုံးသားက တားတယ် ။ ဟင့်အင်း မေ့မရဘူး ။

July 23 1994 , ဒဂုံတက္ကသိုလ်

အဲ့နေ့က မိုးမရွာခဲ့ရင် လဲ့ရှိနေတဲ့ စာကြည့်တိုက်ထဲ ဝင်ခဲ့မိမှာ မဟုတ်ဘူး ။ စားပွဲခုံ အလွတ်တွေသာ ရှိခဲ့ရင် လဲ့ထိုင်နေတဲ့ စားပွဲခုံမှာ ထိုင်ခဲ့မိမှာ မဟုတ်ဘူး ။ အဲ့တာဆို လဲ့ကိုလည်း ငေးကြည့်မိမှာ မဟုတ်ဘူး ။ မျက်လွှာချပြီး စာဖတ်နေတဲ့ လဲ့ကို နောင် သဘောကျခဲ့မိတယ် ။ အင်္ကျီအဖြူရောင်ဇာကွက် လက်ဇကလေးနဲ့ ပါတိတ်ထဘီစိမ်းဖန်ဖန်လေးနဲ့ လဲ့ဟာ သိပ်လှတယ် ။ အခုထိလည်း ဒီပုံရိပ်လေးက နောင့်ရဲ့ မျက်ဝန်းထဲက မထွက်သေးဘူး ။

လဲ့ရဲ့ဆံနွယ်လေးတွေက နက်မှောင်ပြီး ခပ်ဖွာဖွာလေး ဖြစ်နေတယ် ။ ခပ်ပွပွလေးစည်းထားတဲ့ ခေါင်းစည်းကြိုးလေးက အနည်းငယ်လောက် ပြေကျနေတဲ့ဟန်ရှိတယ် ။ လဲ့ရဲ့ နဖူးပြင်လေးနဲ့ နားထင်လေးမှာတော့ ဆံနွယ်စလေးတွေ ခွေလိမ်ကျနေတာကို နောင်တွေ့ခဲ့တယ် ။ နောင်သိပ်ကြိုက်တယ် ။ လဲ့ရဲ့ နဖူးပြင်လေးမှာ ခွေလိမ်ကျနေတဲ့ လဲ့ရဲ့ဆံမျှင်ပါးပါးလေးကို နောင်သိပ်ကြိုက်တယ် ။ ဘယ်ဘက်နားကြားမှာထိုးပန်ထားတဲ့ သစ်ခွပန်းအဖြူလေး နှစ်ပွင့် ။ ဒီသစ်ခွပန်းလေးနှစ်ပွင့်ကိုလည်း နောင့်မှာ ငေးကြည့်မိပြန်ပြီ ။

စာဖတ်ချိန်မှာ လဲ့ရဲ့နှုတ်ခမ်းလေး လှုပ်သွားတာကို နောင်မြင်ခဲ့တယ် ။ နှုတ်ခမ်ဖူးဖူးလေးနဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို ရေရွတ်နေတဲ့ လဲ့ကို ပြုံးပြီးကြည့်မိခဲ့တယ် ။ ပြုံးတယ်ဆိုတာကလည်း နှုတ်ခမ်းလေးအနည်းငယ်မျှ စိသွားရုံလေးပါပဲ ။ ဒီလို ပြုံးမိခဲ့တဲ့ နောင့်ကိုယ်နောင်သာ မုန်းတယ် ။

အရင်က ဇာတ်လမ်းလေး (ᴍɪɴɪ ꜱᴛᴏʀʏ - ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now