2 (unicode)

1K 115 3
                                    

နောက်တစ်နေ့ လဲ့ကို နောင့်ဆီလာလိမ့်မယ်လို့ မျှော်လင့်မိခဲ့တယ် ။ ဒါပေမယ့် လဲ့က မေဂျာအရှေ့တောင် တစ်ချက်ဦးမတည်ခဲ့ ။ လဲ့နဲ့တူတဲ့ အမျိုးသမီးလေးဆိုလို့ မတွေ့ခဲ့ ။ နောင့်မှာ အတန်းမတက်ဘဲ မေဂျာအရှေ့က ခုံတန်းလေးမှာ ထိုင်စောင့်နေခဲ့တာပေါ့ ။ နောင် စောင့်မျှော်ခဲ့တာ ညနေပေါက်တဲ့အထိပါပဲ ။ ဒီနေ့ မိုးမရွာတာကိုပဲ ကျေးဇူးတင်ရမယ် လဲ့ရယ် ။ မဟုတ်ရင် မိုးရွာလို့ လဲ့ကို အလွမ်းကြီး လွမ်းနေမိဦးမှာ ။

ဒီတော့ လဲ့ မလာတော့ဘူးဆိုတာကို အတက်သိလိုက်ပြီ ။ ညနေပေါက်မှ သိခဲ့တာပေါ့ ။ နောင်သာ ဒီထက်ပိုပြီး သတ္တိရှိခဲ့ရင် လဲ့ရဲ့ဂျောနဲ့ အဆောင်ကိုပါ မေးခဲ့မိမှာ ။ ဒါဆို ဒီလိုမျိုးကြီး အချိန်ပုတ်တဲ့အထိ ထိုင်စောင့်နေစရာမလိုတော့ဘူး ။ လဲ့ရဲ့မေဂျာကို မဟုတ်ရင်တောင် လဲ့ရဲ့အဆောင်အရှေ့ကို ချောင်းပေါက်မတက်လာဖြစ်မိမှာ ။

နောင်လည်း အဲ့ဒီ့နေ့က အဆောင်ပြန်ခဲ့တော့တယ် ။ နောင့်ရဲ့ အဆောင်က ကျောင်းဝန်းထဲမှာဆိုပေမယ့် မေဂျာနဲ့ဆို တောင်နဲ့မြောက်ပဲ လမ်းလျှောက်ရတာလည်း တသီကြီးပဲ ။ အဆောင်ကို ပြန်ဖို့လမ်းကိုလျှောက်သွားရင်းနဲ့ လဲ့ကိုလက်ကိုတွဲပြီး လျှောက်ချင်မိတဲ့ စိတ်ကူးလေး ဖြစ်မိပြန်တယ် ။ ဒီစိတ်ကူးလေး အကောင်အထည် ဖော်ချင်တယ် ။

အဆောင်ကိုရောက်ဖို့ နောက်ထပ်အဆောင်နှစ်ဆောင်ကို ဖြတ်ရဦးမယ် ။ ဟိုကြည့် ဒီကြည့် မလုပ်တတ်တဲ့ နောင်ဟာ ဒီအဆောင်တွေမှာများ လဲ့ကိုတွေ့မလာဆိုပြီး အဆောင်တွေကို ခြေဖျားထောက်ကြည့်ခဲ့သည်လည်း မနည်း ။ ပထမတစ်ဆောင်ကို ဖြတ်ပြီး ဒုတိယတစ်ဆောင်ကိုရောက်တော့ အပေါ်ထပ် ဝံရံတာလေးမှာ ဇောက်ထိုးလေးချိတ်လှမ်းထားတဲ့ ထီးအဝါလေးကို လှစ်ခနဲ မြင်လိုက်မိတော့တယ် ။

" လဲ့လား ။ "

ဒါမှမဟုတ် ဘယ်သူဖြစ်မလဲ နောင် မသိဘူး ။ ဒါပေမယ့် ဒီထီးအဝါလေးက နောင့်ရဲ့ ထီးလေးဖြစ်လောက်မယ်လို့တော့ နောင်ထင်တယ် ။ ဘာလို့ဆို ထီးလက်ကိုင်က ကွင်းလေးမှာ ထီးအဝါအိတ်လေးကို ချည်ထားတာကြောင့်ပဲ ။ ဒီလိုချည်ပြီး ဆောင်တတ်တဲ့ မိန်းကလေးဟာ ရှားတယ် ။ ဒါကြောင့် ဒီထီးက နောင့်ရဲ့ထီးအဝါလေး ဖြစ်လောက်မယ်ဆိုတာ ယုံကြည်တယ်။

အရင်က ဇာတ်လမ်းလေး (ᴍɪɴɪ ꜱᴛᴏʀʏ - ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now