Unicode.အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေကို ရေတွက်မိနေပြီ။
ဘယ်အချိန်ထဲက စမိတာလဲ။သူမသိတော့ပါဘူး။
ညစာမစားဘဲ အိပ်ခဲ့ရတဲ့နေ့တွေများလှပြီ။
အဓိပ္ပါယ်မရှိတဲ့ဘဝတစ်ခုကို ဖြတ်သန်းနေရသလိုပဲ။
ဘာကြောင့်အသက်ရှင်နေတာလဲဟု ကိုယ့်ကိုယ်ကိုယ်တောင် မသိလေတော့ဘူး။
ဝတ္ထုတွေဖတ်ခဲ့ဖူးတယ်။
ရေးလည်းရေးခဲ့ဖူးလေတယ်။
စိတ်ကူးတော့ မယဥ်ဖြစ်ခဲ့လေဘူး။
စောင့်နေသူမရှိတဲ့အိမ်က နွေးထွေးမှုဆိုတာ မရှိပါဘူး။
လူတစ်ယောက်ကို ချစ်ဖူးချင်တယ်။ဂရုစိုက်ပေးချင်တယ်။ဘဝမှာ သူသာအရေးပါဆုံးလို့ သိစေလောက်တဲ့အထိ ချစ်ပေးချင်တယ်။
အသည်းကွဲကြည့်ဖူးချင်တယ်။
ဒါပေမယ့်...
သူ သတ္တိမရှိဘူး။
အချစ်အတွက် သူရဲကောင်းတစ်ယောက်ဖြစ်ဖူးချင်တယ်။အချစ်ကြောင့် နာကျင်ဖူးချင်တယ်။
ဒါပေမယ့်...
ဒါပေမယ့်...
ဒါက သူရဲ့အိပ်ယာဝင်ပုံပြင်တစ်ချို့အဖြစ်နဲ့ပဲ ဆက်လက်ရှိနေခဲ့တယ်။
အိပ်မက်ထဲမှာ လူစိမ်းတစ်ယောက်ကိုပဲ စွဲစွဲလမ်းလမ်းချစ်မိလေတယ်။
***************
"ရှောင်ကျန့်! ရှောင်ကျန့်! ထပါတော့။"
လေသည်အရှိန်အဟုန်ဖြင့်တိုက်ခတ်နေသည်။ခြူလုံးလေးများက တချွင်ချွင်မြည်နေကာ သူ၏နားစည်ကို လာရောက်တုန်ခါနေပြီး အသံခပ်ယဲ့ယဲ့ကိုလည်း ကြားနေရသည်။
သူဘယ်သူလဲ။ဘယ်ရောက်နေတာလဲ။မည်သည့်အရာကိုမျှ စဥ်းစားလို့မရသေးသည့်အချိန်မှာ သူ၏လက်မောင်းကို တစ်စုံတစ်ရာက လာရောက်ထိတွေ့သည်။
သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ များစွာသောယောက်ျားလေးများသည် သူ့အား အားကိုးတကြီးကြည့်နေကြသည်။