[Unicode]
တောက်ပစွာ ပူပြင်းလွန်းတဲ့ နေရောင်ခြည်ရဲ့ အလင်းရောင်က အညှာအတာ မရှိ ငါ့မျက်နှာပေါ် ကျရောက်လာတဲ့အချိန် ငါဘဝင်မကျဘဲ စေ့ပိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ရတော့တယ် ။
အနံ့အရသာတွေက မှတ်ဉာဏ်အပိုင်းအစတစ်ချို့ကို ပြန်လည် ခေါ်ဆောင်ပေးနိုင်တဲ့ ဂုဏ်သတ္တိကို ပိုင်ဆိုင်ထားတယ် ။ ဒါကြောင့် ငါ့နှာခေါင်းဝမှာ ရစ်သီရစ်သီဝေ့ဝဲနေတဲ့ ညှီစို့စို့အနံ့နဲ့အတူ အမှိုက်သရိုက်တွေရဲ့ နုံဖျင်းစုတ်ချာတဲ့အနံ့က မနေ့က ကြုံရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြီးအမှတ်ရစေတယ် ။ ငါ့ပါးစပ်ထဲ ရနေတဲ့ သတ္တုဆန်ဆန်အရသာရယ် ၊ စပ်ဖျင်းဖျင်းဖြစ်နေတဲ့ နှုတ်ခမ်းထောင့်ရယ် ။ သိပ်ကိုကောင်းတယ် ။ မနက်နိုးနိုးချင်းမှာ ကြုံရတဲ့ ငါ့ရဲ့ အဖြစ်က အင်မတန်ကို ညံ့ဖျင်းသိမ်နုတ်လွန်းတယ်ဟေ့လို့ တစ်လောကလုံးကြားအောင် အော်ပစ်ချင်လောက်တဲ့အထိကိုပဲ ။
မျက်လုံးတွေမဖွင့်နိုင်လောက်အောင် မျက်စိတည့်တည့်ထိုးနေတဲ့ နေအလင်းရောင်ကို ရုတ်တရက် တစ်စုံတစ်ရာရဲ့ ကွယ်ကာပေးမှုကြောင့် သနားစရာငါ့မျက်စိလေးတွေ အနားရသွားတယ် ။ ငါ့အရှေ့ နေလာကွယ်ပေးတဲ့ ကျေးဇူးရှင် ခပ်မြင့်မြင့်အရိပ်သဏ္ဍာန်တစ်ခုကို ငါခေါင်းမော့ရင်း လှမ်းကြည့်လိုက်တော့ ရင်းနှီးကျွမ်းဝင်လွန်းလှတဲ့ ခပ်တည်တည်မျက်နှာတစ်ခုက ငါ့မြင်ကွင်းထဲ နေရာယူတယ် ။
"ငါ့ကိုထူဦး..."
အားအင်သိပ်မရှိလှတဲ့ လက်တစ်ဖက်ကို ဆန့်တန်းရင်း ပြောလိုက်တော့ ငါ့ရဲ့ နေကာ ကျေးဇူးရှင်က ဝိုင်းစက်စက်မျက်လုံးတွေကို မှေးစင်းရင်း ငါ့ကို အမိန့်ချမှတ်တော့မဲ့ တရားသူကြီးတစ်ယောက်လို ကြည့်တယ် ။ ငါ့လက်မှာ ချီးပေနေတာလဲ မဟုတ်ဘဲ ဒီလို ဖြူစုတ်စုတ် အားပြတ်နေတဲ့လက်ကို လှမ်းကိုင်ရမှာကိုပဲ အလွန်ရွံရှာစက်ဆုပ်နေတဲ့ပုံနဲ့ သူမျက်လုံးတွေက ငါ့ကို အပေါ်အောက် စစ်ဆေးကြည့်ရှူနေတယ် ။
"ထူဦးလို့... "
ငါအချိန်အတော်ကြာ ဆန့်ထားရတဲ့ လက်က ညောင်းညာလာပြီး သူကတော့ ငါ့ရဲ့လက်ကို အားနာပါးနာလေးတောင် ကိုင်ပြီးမထူပေးဘဲ သူ့ဘောင်းဘီဘေးအိတ်ကပ်ထဲကို လက်ထည့်တယ် ။ ချက်ချင်းပဲ ဘောင်းဘီအိတ်ထဲကနေ ဆွဲထုတ်လိုက်တာက ငါဝယ်ပေးထားတဲ့ အညိုရောင် သားရေ ပိုက်ဆံအိတ် ။ သူဘာလုပ်နေတာလဲလို့ ငါစိတ်ဝင်တစား လိုက်ကြည့်နေတုန်းမှာပဲ ငါ့လက်ထဲကို ပိုက်ဆံအရွက်ကြီးနှစ်ရွက် ရောက်လာတယ် ။

YOU ARE READING
To you, From this lovelorn idiot
FanfictionMilllions of feelings, Worth of decades. #chanbaek