07

237 37 0
                                    

[Unicode]

    ငါ အမေ့ကို ဥပဒေကျောင်းဆက်တက်ပြီး ရှေ့နေလုပ်မယ်လို့ ပြောတဲ့အခါ အမေက သူ့ရဲ့ တစ်ဦးတည်းသောသားလေးကို အယုံအကြည်ကင်းမဲ့စွာနဲ့ တစ်ချက်လှမ်းကြည့်တယ် ။ နောက်တော့လဲ ဘာမှမထူးဆန်းတော့သလို ခေါင်းတဆတ်ဆတ်ညိတ်ပြတာပါပဲ ။ ငါ့စိတ်ထင် အမေက တီဗီမှာလာနေတဲ့ စူပါဟီးရိုးကားကိုကြည့်ပြီး ဟီးရိုးဖြစ်ချင်တယ်လို့ ငါအော်နေသလို ခဏကြာရင် ကင်းပျောက်သွားမဲ့ ကလေးတစ်ယောက်ရဲ့ စိတ်ကူးယဥ်တစ်ခုလို ထင်နေပုံရတယ် ။

    ဒါပေမဲ့လဲ အမေက ငါ့ရွေးချယ်မှုတွေအပေါ် ဝင်ရောက်စွက်ဖက်မှု ကင်းမဲ့တယ် ။ ငါ့ရဲ့ တဇွတ်ထိုးတဇောက်ကန်း လုပ်ချင်ရာလုပ်ခဲ့တဲ့ အဖြစ်တွေနောက်မှာ အမေက ငါ့ဘဝကို ထိန်းကျောင်းပေးဖို့ မကြိုးစားတော့ဘူး ။

    အမေ့အမြင်မှာ ငါက ညဦးညလယ်မှာ တစ်ရေးနိုးလာပြီး ဝေဝေဝါးဝါးနဲ့ ကယောက်ကယက်တွေ ထပြောလို့ အိပ်မက်တွေထဲက ရုန်းမထွက်နိုင်သေးသလို...။

    ဒါပေမဲ့ တကယ်က ငါနစ်မွန်းနေတာ... ။ ထိမရပြုမရအိပ်မက်တွေမဟုတ်ဘဲ အကောင်အထည်ရှိပြီး လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ မုန်းစရာလူသားတစ်ယောက်ဆီမှာ နစ်မွန်းနေတာ... ။

    ဒီထက်ပိုပြီး ငါကြိုးစားရအုံးမှာပါလားလို့ စဥ်းစားမိရင်း ငါ့ဘဝရဲ့ တစ်ခုတည်းသော ဦးတည်ချက်ကို ငါအကောင်အထည်ဖော်ဖို့ဆုံးဖြတ်လိုက်တယ် ။ လူတိုင်းက ဒီလိုပဲမဟုတ်လား ။ ဦးတည်ချက်သာရှိရင် မြင်းဇောင်းထဲက လွှတ်လိုက်တဲ့ မြင်းတွေလို တဟုန်ထိုး ပြေးသွားကြတာ ။

    ချန်ယောလ်က ငါတကယ်ကြီး ဥပဒေကို ရွေးလိမ့်မယ်ဆိုတာ ယုံကြည်ပုံမရဘူး ။ ငါကလဲ သူယုံကြည်အောင်လိုက်ပြီး နားချဖို့မကြိုးစားပါဘူး ။ တကယ် သူနဲ့အတူ တက္ကသိုလ်တက်မဲ့နေ့မှ မျက်စိရှေ့မှာ ဘန်းခနဲ ပေါ်လာပြီး စပရိုက်တိုက်ပစ်မှာ ။ တအံ့တသြနဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးတွေကို ငါက ကျေနပ်အားရစွာကြည့်ရင်းနဲ့ ငါ့ဘဝရဲ့ နောက်စာမျက်နှာတစ်ခုကို ဖွင့်လှစ်မယ်...။

    အဲ့လိုတွေဖြစ်မလာသေးခင်ကတော့ ငါအသေအလဲ ရုန်းကန်ကြိုးစားရအုံးမှာဖြစ်ပြီး အချိန်ကလဲ လိုပါသေးတယ် ။ အခုမှ တတိယနှစ်ရောက်ရုံရှိသေးတာ ။

To you, From this lovelorn idiotTempat cerita menjadi hidup. Temukan sekarang