[Zawgyi]ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေသည်။
တိမ်လိပ်မည်းများ စုပေါင်းသွားချိန်မှာ မိုးရေစက်များတရစပ်ကျလာ၏။
ရုတ်တရက် ရွာသော မိုးသည် မိုးရာသီတွင် ထီးဆောင်လေ့မရှိသူများအတွက် ဒုက္ခဖြစ်စေသည်။
သို့သော် မိုးခိုဖို့ မိုးရေထဲ ပြေးလွှားနေသူများနှင့် ခြားနားစွာ
မိုးစက်များကို အလေးမထားဘဲ ပျော်နေသူရှိ၏ ။တစ်ယောက်သော သူ၏ ခါးကို တင်းတင်းဖက်ထားပြီး
စက်ဘီးနောက်ခုံတွင် လိုက်စီးသူက ခြေထောက်နှစ်ဖက်ကို ကားကာ ခေါင်းကို မော့လိုက်သည်။ ပါးပြင်ပေါ်၊ နဖူးပြင်ပေါ် တွင်သာမက မျက်နှာအနှံ့ ထိလာသည့် မိုးစက်များကို
မျက်လုံးမှိတ်ကာ ခံယူရင်း..."ကို ဖြေးဖြေးနင်းနော်"
စကားပြောလိုက်တော့ ပါးစပ်ထဲ ဝင်လာသည့်
မိုးရေစက်များကို မျိုချလိုက်သေးသည်။
တစ်ဆက်တည်း စက်ဘီး အရှိန်နှေးသွားတော့
သွားပေါ်အောင်ပြုံးသော Heart shade အပြုံးတစ်ပွင့်။
အုံ့မှိုင်းနေသော ကောင်းကင်ကြီးတောင် မနာလိုသွားရသည်အထိ တောက်ပနေသော အပြုံးက
သိပ်ကို အရှိန်အဝါ ကြီးလွန်းပါသည်။စက်ဘီးနင်းနေသူသည်လည်း ထင်ရှားသော မေးရိုး၊ ထင်းလှသော နှာတံနှင့် ကြည့်ကောင်းလွန်းလှသည်။
မိုးရေစက်များကြားမှပင် ညိုမှောင်သော မျက်ဆံသည်
အရာရာကို ညှို့ငင်ဖမ်းယူနိုင်၏။မိုးရေထဲ သူတို့ ပြုံးနေကြရသည့်
အကြောင်းရင်းက တစ်ခုတည်း။"ရှေ့နားမှာ ဆော့အိမ်ကို တွေ့နေရပြီ...ပြန်လှည့်ပြီး
ဒီလမ်းထဲ နောက်တစ်ပတ်ထပ်ပတ်ဦးမလား""ဒီလမ်းကို ပတ်နေတာပဲ ၄ ပတ်တောင် ပြည့်တော့မယ်...အိမ်ပြန်နောက်ကျရင် appa သံသယဝင်သွားမယ် ကိုရဲ့"
ထိုအခါ စက်ဘီးနင်းသူ၏ မျက်နှာ အုံ့မှိုင်းသွားသည်မှာ
ကောင်းကင်ကြီးပါ အရှုံးပေးသွားရမည်။"ကို သိပါတယ်...ဒါပေမဲ့ ဆော့ကို မခွဲချင်သေးဘူး...
ကို့ကို မသနားဘူးလား ဟင်...ကို ဆော့ကို ညတိုင်းလွမ်းနေရတဲ့ ဒုက္ခက နည်းနည်းနောနောလား"