E

450 51 11
                                    

[Zawgyi]

မိုးချုပ်ကာစပဲ ရှိသေးသည်။ အရက်သုံးပုလင်းသောက်ပြီး
ဆော့က မှောက်နှင့်နေပြီ ဖြစ်သည်။ သူ့မှာ ဆော့ကို ချော့ချင်သော်လည်း အရက်ပဲ လှိမ့်သောက်နေသည့် ဆော့၏ အဖက်လုပ်ခြင်းကို စိုးစိမျှ မခံရ။

"နောက်တစ်ပုလင်း"

ခေါင်းမထောင်နိုင်လည်း ဆော့က သောက်ဦးမည့်ပုံ။
ဆိုင်ရှင်က ဆိုဂျူပုလင်းလာချပေးရင်း ပြုံးစိစိဖြင့် စနောက်သည်။

"မင်းသောက်တတ်ရင် ဟိုဆော့နဲ့ အတူ သောက်ပြီး အတူစိတ်ညစ်လို့ ရတယ်မဟုတ်လား....
တစ်ခွက်စမ်းသောက်ကြည့်ပါလား"

"တော်ပြီဗျာ"

"သောက်တောင် မသောက်ရသေးဘဲ ဘယ်လိုတော်လဲ"

ဆိုင်ရှင်၏ စနောက်မှုကို သူ အလေးမထားတော့ဘဲ
ဆော့ကိုပဲ ငေးကြည့်လိုက်သည်။
အထက်တန်းအောင်စဉ်က ဆော့က
အသက်ပြည့်တဲ့အခါ ဒီဆိုင်မှာ အရက်လာသောက်မည် ဟု ပြောဖူးသည်။ သူက မသောက်တတ်ရင်တောင် ဆော့နဲ့အတူ လိုက်ခဲ့ရမှာပဲတဲ့။ အိမ်ပြန်ရင် ဆော့ကို ကျောပိုးခေါ်သွားတဲ့လေ။ သူနဲ့ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း
ဆော့ စိတ်ညစ်တဲ့အခါ ဒီမှာ လာသောက်တော့ သူတစ်ခါမှ မလိုက်ခဲ့ရပေမယ့် ဆော့က ဆိုင်ပိုင်ရှင်ကို သူ့အကြောင်း ပြောပြထားသည်တဲ့။ ထို့ကြောင့် ဆိုင်ရှင်က သူ့အကြောင်းကို သိသည်။ ဆိုင်ရှင် ပြောပြသော ဆော့အကြောင်းကတော့
ကျောပိုးပြီး အိမ်ခေါ်ပြန်မယ့်သူ မပါတော့ ဆော့က တစ်ပုလင်းလောက်သာသောက်ပြီး အိမ်ပြန်တတ်သည်။
တစ်ပုလင်းထက် ပိုသောက်မိရင် သတိပေးဖို့ ဆိုင်ရှင်ကို
အကူအညီတောင်းထားသည်တဲ့လေ။
အခု အိမ်ပြန်ကျောပိုးခေါ်မည့် သူ ရှိပြီဆိုတော့
ဆော့က အမုန်းကို သောက်နေတာများလား။

"ဆော့...တော်ပြီလေ"

မှောက်သွားသော ဆိုဂျူပုလင်းကို သူယူပြီး ဆော့နဲ့ဝေးရာ ထားလိုက်တော့ ဆော့၏ ရီဝေမှုန်ကုပ်နေသော အကြည့်ဖြင့်
စူးနစ်စွာ အကြည့်ခံရသည်။ ဆော့အကြည့်ကြောင့် သူပါးများပင် ပူလာသလို။

"ကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်....အရာအားလုံးအတွက်."

ဒိုင်းခနဲ ရောက်လာသော မျက်စောင်းက
သူ့ကို အစိမ်းလိုက် ဝါးစားတော့မတတ်ပင်။
ဆော့၏ ထိုအကြည့်မျိုးကို သူ ကြောက်ရွံ့မိသော်လည်း
အမူးသမား၏ နှုတ်ခမ်းစူထော်ထော်ကို ကြည့်ကာ အသည်းယားခြင်းက ပိုရသည်။ နီဆွေးဆွေး နှုတ်ခမ်းပါးလေးများသည် တလှုပ်လှုပ်ဖြင့် ပြောနေ၏။
သူ မကြားအောင် ပွစိပွစိရွတ်နေသဖြင့် ဘာပြောလဲ သိရအောင် ဆော့အနား တိုးကပ်ထိုင်တော့ ဆတ်ခနဲ လက်တားလာသည်။

For EverWhere stories live. Discover now