[Zawgyi]
အထူးတလည် ထည်ဝါနေခြင်းမျိုး မဟုတ်သော
*ပန်းသီးထမင်းဆိုင်*။ သန့်ရှင်းလတ်ဆတ်မှုကို အလေးပေးတာကြောင့် ဒီရပ်ကွက်ထဲမှာ
အတော်နာမည်ရနေသော ဆိုင်ပင်။
မနက်၊နေ့လယ်၊ည လူ မပြတ်တတ်ဘူးတဲ့။
ဤဆိုင်မှာ အလုပ်ရတာက ဆိုင်မန်နေဂျာက ကို့အကြောင်းသိနေတော့ ဆိုင်ပိုင်ရှင်သူဌေးကို အကူအညီတောင်းပေးခဲ့သည်တဲ့လေ။သူ ဆလပ်ရွက်ကို ရေဆေးပြီး ပန်းကန်ထဲ လှပစွာ ခင်းကျင်းလိုက်သည်။
"မင်း ဘယ်လိုလုပ်လိုက်ပြန်တာလဲ"
ကိုကတော့ စာဖိုမှူးကြီး
ဆူတာ ခံနေရပြန်ပြီ။"မသိရင် မေးလို့ ငါပြောထားတယ်...ရမ်းမလုပ်နဲ့...
ပေး ပေး ငါ့ဘာသာပဲ လှီးလိုက်တော့မယ်"ဆလပ်ရွက်ပန်းကန်ကို ကောင်တာမှာ ချပြီး ဘေစင်ဘေးမှာ မှိုင်နေတဲ့ ကို့အနား သူ လျှောက်လာခဲ့သည်။
"ပထမနေ့မို့ပါ ကို. နောက်ရက်ဆို အဆင်ပြေသွားမှာပါ"
ကိုက သက်ပြင်းကို ချပြီး စားဖိုမှူးကို မျက်စောင်းထိုး၏။
"ကိုလုပ်တာ မမှန်ပေမယ့် မှားလည်း မမှားဘဲနဲ့..ကို့ကို တမင်အပြစ်ရှာနေသလိုပဲ"
"ကိုရယ်...အိမ်မှာချက်သလို လုပ်လို့မှ မရတာ...စားသောက်ဆိုင်ဆိုတော့ အမြင်တင့်အောင် လှီးရ တုံးရတာပေါ့...စိတ်ထဲထားမနေပါနဲ့...ဆော့တို့က ဒီမှာ အလုပ်လာလုပ်နေတာမလား"
"ကို သိပါတယ်...သိလို့ ခက်နေတာ..မဟုတ်ရင် ပြန်ပြောချင်တာ ပါးစပ်က ယားတယ်"
"ကိုကတော့လေ...စိတ်တိုနေတာတောင် ချစ်ဖို့ကောင်းတာ"
မျက်နှာကြီး ပုတ်ပြီး သူ့ကို တိုင်ပြောနေသော
ကလေးပေါက်စရဲ့ ပါးကို သူ မလိမ်ဆွဲဘဲ မနေနိုင်။"ကဲပါ...မျက်နှာကြောကို လျှော့ပါဦး...ဆော့သာ
အလုပ်ရှင်ဆို ကို့ကို အလုပ်ဖြုတ်မိတော့မယ်""ကို့ကို အဲလိုနှိပ်ကွပ်တယ်ပေါ့...ရတယ်"
အယ်။
စကားအထအနကောက်တတ်တဲ့ ကိုနဲ့တော့ ခက်ပြီ။
အလုပ်ချိန်ကို ခုံတန်းမှာ မှုန်ကုပ်ကုပ်သွားထိုင်နေတာ။
ချော့ဖို့က အချိန်ကောင်းမဟုတ်တော့ သူ ပစ်ထားလိုက်သည်။
သူ မချော့လည်း ကိုက ကလေးလို ကောက်ပြီး အချိန်တန် ပြန်ဖြောင့်သွားတတ်တာပါပဲ။
