ညက အဆက်မပြတ်ရွာသွန်းခဲ့သော မိုးကြောင့်ထင်သည် တောင်တက်လမ်းက ထင်သလောက်မတွင်ကျယ်။
မိုးထဲနှင်းပါ ပါနေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြူလွလွ မြူလွှာတစ်ခုက လွှမ်းခြုံထားသလိုပင်။တောင်နံရံဘေး ကပ်ပေါက်နေသော သစ်ပင်များကို စိတ်ပေါက်ပေါက်ဖြင့် မဆီမဆိုင် လက်ထဲတပြုံလုံးပါလာအောင် ဆွဲနှုတ်လိုက်သည်။စိတ်ပုတ်စိတ်ယုတ်ကြောင့် ဖြစ်မည်ထင်သည် စိုစွတ်နေသော မြေကြီးပေါ် ခြေလှမ်းချလိုက်သည်နှင့် သူ့ခြေထောက်များက ခြေသလုံးအလယ်အထိ တဆုံးနစ်ဝင်သွားသည်။
"တောက်စ်....တယ်..ငါလေ"
ကျန်တစ်ဖက်ကို အားပြုလိုက်ပြီး နစ်ဝင်နေသော ခြေထောက်ကို ဆွဲထုတ်နေရင်းကမှ တစ်ဆက်တည်းဆိုသလို ဘေးဝဲယာရှိ မြေသားအမာကို မျက်လုံးက လှည့်ပတ်ရှာနေမိသည်။
မြေကြီးထဲမှ ခြေလွတ်သွားသောအခါ သူ၏၃လတာအတွေ့အကြုံအရ စိတ်ချရသည်ဟု ယူဆထားသော မြေသားအမာထံသို့ ခြေလှမ်းချလိုက်သည်။
ထိုမြေပေါ်သို့ နောက်ကျန်ခြေတစ်ဖက် ချပြီး ခြေအစုံ မြေသားအမာပေါ်ရပ်နိုင်ပါမှ "ဟင်း"ခနဲ သက်ပြင်းချလိုက်နိုင်သည်။ထိုစဉ် ခပ်လှမ်းလှမ်းသို့ ရောက်ရှိနေသော အဖွဲ့ကို အသံမပေးတော့ဘဲ ခပ်သွက်သွက်သာလိုက်ရန် ဆုံးဖြတ်လိုက်သည်။
မောပန်းနေသော ရင်ကို ဖိထားရင်း စိတ်ထဲကလည်း
"လုပ်နေကျ အတိုင်းလုပ်ဦးမှပါ"မခံမရပ်နိုင်အောင် မောလာတိုင်း ရပ်တန့်ဖို့မဖြစ်နိုင်တဲ့အခါ သူခြေလှမ်းများကို တစ်လှမ်းချင်း ရေတွက်လေ့ရှိသည်။
"တစ်. ..
နှစ်.....
သုံး....
တစ်ထောင်.....တစ်ထောင်ပြည့်ရင် ခဏနားမယ်။"
သို့သော် ဘယ်တုန်းကမှ နားဖို့မဖြစ်နိုင်ကြောင်းကိုတော့ ခဏလောက်မေ့ထားမှဖြစ်မည်။
အဝတ်အစားထက် ပိုများသည့် ပစ္စည်းများကို ထည့်ထားသော ကျောပိုးအိတ်က သူ့ကိုယ်လုံးထက်ပင် ပိုမိုကြီးမားနေသည်။အရှေ့သို့ ရောက်နှင့်နေသော အဖွဲ့သားများထံ လှမ်းကြည့်လိုက်သောအခါ လူ့တစ်ရပ်ထက်မြင့်သော ခြင်းကြားကြီးထဲ အထုတ်ကြီး၊အထုတ်ငယ် သယ်ပိုးထားသော ဒေသခံလူငယ်များနှင့် ယှဉ်ကြည့်မိလိုက်သောအခါ "ဒါဘာ ဟုတ်သေးလို့လဲ"ဟု ပြန်အားတင်းမိသွားပြန်သည်။