"အောင်ဆီသို့
အင်း....ဘယ်ကနေ ဘယ်လိုစပြောရမလဲတောင်မသိတော့ဘူး အောင်...မင်းဒီစာကို လက်ခံရရှိတဲ့အချိန်မှာတော့ ငါ့ကို အကြောင်းပြချက်မရှိ လမ်းခွဲသွားတဲ့ကောင်က ဘယ်လိုစိတ်မျိုးနဲ့ အရှက်မရှိ ဒီစာကို ပို့ရသလဲလို့ မင်းတွေးနေလိမ့်မယ် ထင်ပါရဲ့...ဒါပေမဲ့လည်း ပြောစရာစကားတွေအများကြီးရှိနေလို့ အရှက်တွေကို သိမ်းဆည်းကာ မျက်နှာပြောင်ပြောင်နဲ့ပဲ မင်းဆီကို စာရေးလိုက်ရပါတယ်..၀န်ခံစရာများစွာနဲ့ရောပေါ့..မင်းနဲ့ငါ စတွေ့ခဲ့တဲ့နေ့က ဘတ်စ်ကားပေါ်မှာ ငါ့ပိုက်ဆံအိတ်ကို ခါးပါးနှိုက်တုန်း မင်းက ကူညီပေးခဲ့တုန်းကနော်..အဲ့တုန်းက အရပ်အရှည်ကြီးနဲ့မင်းကို ငါ မော့ကြည့်ပြီး စကားပြောနေရတာ ဇက်တောင်ညောင်းနေခဲ့တယ် အောင်...အဲ့နေ့က ငါသတိမကပ်နိုင်ဘဲ ဖြစ်နေခဲ့တဲ့ အကြောင်းအရင်းကို ငါတို့တွေ ချစ်သူတွေဖြစ်ကြတော့ မင်းမေးလာခဲ့တယ်နော်...အလုပ်ကိစ္စတစ်ခု အဆင်မပြေဖြစ်လာရလို့ဆိုပြီး လိမ်ခဲ့မိတယ်...တကယ့်အဖြစ်မှန်က ငါက လောကကြီးမှာဆက်နေဖို့ ၆လလောက်ပဲ အချိန်ရှိတော့တယ်တဲ့ အောင်...ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတဲ့ငါ့ဘ၀ထဲကို မင်းက ရုတ်တရက် ၀င်ရောက်လာရောက်လာခဲ့တယ်...မင်းနဲ့အတူရှိခဲ့တဲ့ သုံးလက ငါလူ့လောကကြီးထဲမှာ နေလာရတဲ့ ၂၈နှစ်အချိန်ကာလထဲမှာ အပျော်ဆုံးအချိန်တွေပဲဖြစ်လိမ့်မယ်...ငါ့မျက်နှာ တစ်ချက်အညိုးမခံဘဲ ချစ်ပေးခဲ့တဲ့ မင်းကို ဘယ်သောအခါမှ မေ့နိုင်လိမ့်မယ် မထင်ဘူး...မင်းက ပိုချစ်ပေး ဂရုစိုက်ပေးလေ ငါပိုပြီး မင်းအပေါ် အားနာပြီးမလုံမလဲဖြစ်ရတယ် အောင်...မကြာခင် လောကကြီးထဲကထွက်သွားတော့မဲ့ကောင်က ရိုးသားဖြူစင်ပြီး ချစ်ပေးရုံကမသိတဲ့ကောင်လေးကို လောကကြီးထဲမှာ ထားခဲ့ရဦးမှာလေ...အမှန်တော့ အောင်ရာ..ငါ အခုတလော အရမ်းနောင်တရတယ် သိလား..အဲ့နေ့က မင်းတောင်းခဲ့တဲ့ ဖုန်းနံပါတ်ကို ဘယ်သောအခါကမှမပေးလိုက်ရမှ ဆိုပြီးတော့လေ..ဒါဆိုရင် ငါတို့နှစ်ယောက်ရဲ့ အဆုံးသတ်က ကွဲပြားသွားမလားဆိုပြီးတော့ပေါ့...အနည်းဆုံးတော့ မင်းရင်ကွဲရတာ ရာခိုင်နှုန်းနည်းလောက်မယ်ထင်ပါရဲ့..မင်းမသိအောင် ခိုးခိုးသောက်ခဲ့ရတဲ့ဆေးတွေမင်းနဲ့အပြင်မှာတစ်ခုခုစားပြီးတိုင်း ခိုးအန်ခဲ့ရတဲ့အချိန်တွေ..မင်းချိန်းထားခဲ့တဲ့အချိန်ကို မထနိုင်လွန်းလို့ အိပ်ရာပေါ်မှာ လဲလျောင်းခဲ့ရတဲ့အချိန်တွေ..တဖြည်းဖြည်းပါးလာတဲ့ဆံပင်တွေကို မင်းရိပ်မိမှာစိုးလို့ ကတုံးပါတုံးပစ်ခဲ့ရတယ်...ငါဘာပြောပြောယုံတဲ့မင်းက ငါပေးတဲ့ အခြေအမြစ်မရှိတဲ့ ဆင်ခြေဆင်လက်တွေကို သံသယမရှိ အမြဲလက်ခံပေးခဲ့တယ်...ဒါပေမဲ့ အောင်ရယ်...အချိန်တွေကြာလာတော့ ငါ့အခြေအနေ ငါရိပ်မိလာရတယ်...ဘယ်လောက်ပဲ ဘာမှမဖြစ်သလို အားတင်းထားပါစေ ဆက်ပြီးတောင့်ခံနိုင်ဖို့ အားတွေက တဖြည်းဖြည်း လျော့ကျလာခဲ့တယ်...မင်းကိုလမ်းခွဲရအောင်လို့ ပြောလိုက်တုန်းက မင်းရဲ့မျက်နှာကို ငါအခုချိန်ထိ မှတ်မိနေသေးတယ်...ဘာကြောင့်လဲဆိုပြီး အယုံအကြည်မရှိသလို ငါဒီလောက်ချစ်ပေးထားတာကိုဆိုတဲ့ မျက်နှာလေ...မင်းပြောခဲ့တယ်နော် အောင်...ကျွန်တော့်မှာ အကိုမကြိုက်တဲ့အချက်တွေ ရှိရင်ပြော ကျွန်တော်ပြင်ပါ့မယ် ဆိုပြီးတော့လေ...အကို့အတွက် ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ရပါစေလိမ့်မယ် ဆိုပြီးတော့ရောပေါ့...မဟုတ်ဘူး အောင်...အမှန်တော့ မင်းကသာ လူကောင်းတစ်ယောက် မဟုတ်ခဲ့ရင် ငါဒီလောက်အထိ မင်းလက်ကိုဖြုတ်ဖို့ တွေဝေနေခဲ့မှာမဟုတ်ဘူး...အောင် မင်းက ငါတွေ့ဖူးတဲ့ လူတွေထဲမှာ အချစ်တတ်ဆုံးနဲ့ အကောင်းဆုံးလူတစ်ယောက်ပါ..အဲ့တာကြောင့်လည်း ငါမရှိတော့ရင်လည်း မင်း အခက်အခဲမရှိဘဲ မင်းထပ်ချစ်မဲ့သူကို ရှာတွေ့လိမ့်မယ်ဆိုတာကို ငါယုံကြည်လို့ပေါ့...အေး တစ်ဖက်လူကလည်း မင်းလိုကောင်လေးမျိုးကို ငြင်းနိုင်လိမ့်မယ်လို့ ငါမထင်ဘူး..ငါ့လိုပဲ မင်းကို အသည်းစွဲအောင်ချစ်ပါလိမ့်မယ် အောင်...ဒါပေမဲ့ အောင် မင်းရဲ့လက်ကိုဖြုတ်လိုက်တာက ငါ မင်းအတွက် လုပ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုသာ ဖြစ်နေခဲ့တယ်...ငါဆိုင်က ထထွက်သွားပြီး တစ်နာရီကြာလောက်တဲ့အထိ ခုံမှာထိုင်နေခဲ့တုန်းက မင်းဘာတွေများတွေးနေခဲ့လဲ အောင်...ငါက အသည်းနှလုံးမရှိတဲ့ လူလို့များ မင်းတွေးနေခဲ့မလား...အဆက်အသွယ်လုံး၀မလုပ်နဲ့လို့ပြောခဲ့ပင်မဲ့ တစ်နေ့ကို မရေတွက်နိုင်အောင် လာခဲ့တဲ့ မင်းရဲ့ ဖုန်းခေါ်ဆိုသံတွေကို အိပ်ရာပေါ်မှာ ဝေဒနာကို အလူးအလိမ့်ခံစားရင်း နာကျင်မှုတွေ ဆင့်ပေါင်းတိုးပြီး မျက်ရည်တွေ အလူးအလိမ့်ကျရပြန်တယ် အောင်...မင်းနဲ့လမ်းခွဲပြီး တစ်ပတ်ကျော်တော့ ငါလူတစ်ယောက်နဲ့ တွေ့ခဲ့တယ်...သူ့ဆီကနေ မင်းသုံးတဲ့ ရေမွှေးနံတွေရခဲ့သလို သူသောက်တဲ့ စီးကရက်က မင်းသောက်တဲ့ တံဆိပ်နဲ့ အတူတူပဲ အောင်...ဒါပေမဲ့အောင် သူ့ရဲ့အနမ်းတွေက မင်းအနမ်းတွေလောက်မချိုမြိန်ခဲ့သလို သူ့ကိုယ်သင်းနံ့က မင်းလောက် ငါ့ကို စိတ်လုံခြုံမှုမပေးနိုင်ခဲ့ဘူး...ဟိုတယ်ခန်းထဲရောက်ပြီး အနမ်းတစ်ချို့ ဖလှယ်ပြီးတော့ ငါ မအောင့်အီးနိုင်ဘဲ ပျို့တက်လာခဲ့တယ်...အဲ့လူကို အကျိုးအကြောင်းပြောပြီး အခန်းက ပြောထွက်လာတော့ ဟိုတယ်ကို အလုပ်ကိစ္စနဲ့လာတဲ့မင်းကို လုပ်ဖော်ကိုင်ဖက် တချို့နဲ့ တွေ့လိုက်ရပြန်တယ်...ခမ်းနွမ်းနွမ်းမျက်နှာနဲ့ ဖရိုဖရဲဖြစ်နေတဲ့ ငါ့ပုံစံကို ကြည့်ပြီး မင်းမယုံကြည်နိုင်စွာနဲ့ ကောက်ချက်တစ်ခု ချက်လိုက်တာကို မြင်လိုက်ရတယ်...အရောင်ပြောင်းသွားတဲ့ မျက်လုံးတွေထဲ နာကျည်းမှုတစ်ချို့နဲ့ ရွံရှာမှုတစ်ချို့က အစားထိုး၀င်ရောက်လာတာကို တွေ့လိုက်ရတယ်...ရုတ်တရက် ငါ့ခေါင်းထဲ ၀င်လာတဲ့ အတွေးက မင်းကို ဘာမှမဖြစ်ခဲ့ဘူးဆိုတာ ရှင်းပြရမယ်ဆိုတဲ့အတွေးပဲ...ဒါပေမဲ့ အောင် ငါက ဘယ်လိုလုပ်ပိုင်ခွင့်နဲ့လဲ ? ဘယ်လိုမျက်နှာမျိုး ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ မင်းကို ရှင်းပြရမှာလဲ? တခြားလူတစ်ယောက်နဲ့ ဟိုတယ်ခန်းလာခဲ့တာ အမှန်တရားဖြစ်သလို ထိုသူရဲ့ အနမ်းတစ်ချို့ကို လက်ခံခဲ့တယ်ဆိုတာကလည်း မှန်နေခဲ့တာပဲ...အဲ့နေ့က မင်းကို အနီးကပ်မြင်လိုက်ရတာ နောက်ဆုံးအကြိမ်သာ ဖြစ်ခဲ့တယ်...ထပ်တိုးရခဲ့တဲ့ မင်းရဲ့အကြည့်တွေကတော့ သံယောဇဉ်တွယ်အောင်လုပ်ခဲ့မိတဲ့ ငါ့ကို လောကကြီးက ဒဏ်ခတ်လိုက်တဲ့အနေနဲ့ ပေးတဲ့လက်ဆောင် နေ
မှာပေါ့ အောင်..သိပ်မကြာခင်မှာပဲ ငါ ဆေးရုံတက်ရတယ် အောင်...သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး မင်းဘယ်လိုနေထိုင်နေလဲဆိုတာသိချင်လို့ စုံစမ်းခိုင်းခဲ့တယ်...စိတ်မချခြင်းများစွာနဲ့ပေါ့...သူငယ်ချင်းပို့ပေးတဲ့ ပုံတွေ
မှာ အမြဲရယ်ပြုံးနေခဲ့တဲ့ မင်းရဲ့မျက်နှာ...တစ်ယောက်သော သူတစ်ယောက်နဲ့ ပိတ်ရက်တွေမှာပါ အပြင်ထွက်နေတဲ့ ပုံတွေ...ငါပြောသားပဲ အောင်..မင်းသာဆို အခက်အခဲမရှ်ိ အချစ်ခံရမှာပါလို့...ဒါနဲ့ အောင် အဲ့တစ်ယောက်ကရော
ကော်ဖီအရမ်းကြိုက်တဲ့မင်းက မသောက်မနေနိုင်သလို သောက်ပြီးရင် ခေါင်းမူးတတ်ပြီး မင်းအကြိုက်ဆုံးအသီးက ဒူးရင်းသီးနဲ့ အကြိုက်ဆုံးပန်းက လီလီပန်းတွေဖြစ်ပြီး မင်းက မနက်အိပ်ရာအစောကြီးထရတာကို မုန်းသလို မင်းက အက်ရှင်ကားတွေကြည့်ရတာ ကြိုက်တယ်ဆိုတာကိုရော သိရဲ့လား? အဆင်ပြေတယ်လို့ ပြောရင်တော့ လိမ်ရာကျလိမ့်မယ် အောင်...အဆင်တော့ မပြေပါဘူး...ဒါပေမဲ့ ငါရေးခဲ့တဲ့ဇာတ်ကို ငါအပြီးသတ်ရမှာပေါ့...အဲ့တစ်ယောက်ကို မင်းချစ်တဲ့အချစ်တွေက ငါ့ထက်ရောပိုလား အောင်..အဲ့တစ်ယောက်ကိုရော အမြဲ မျက်လုံးတောက်တောက်တွေနဲ့ တစ်ဖက်လူရှက်ရအောင်အထိ ငေးကြည့်နေသေးလား? ပြီးတော့ ငါနဲ့အတူရှိနေတုန်းကထက် ပိုပျော်နေလား အောင်? ဒီမေးခွန်းတွေကို မင်းဖြေပေးနိုင်မှာမဟုတ်သလို ငါလည်း အဖြေတွေကို ကြားခွင့်ရှိမှာ မဟုတ်ဘူး...ဘယ်တော့မှ မင်းဆီကို မရောက်ခဲ့တဲ့စာတွေပဲလေ အောင်...ငါတူညီတဲ့စာတွေကို ဘယ်နှစ်ခါလောက် ရေးခဲ့ပြီးပြီလဲဆိုတာ ငါတောင်မမှတ်မိတော့ဘူး..အခုနောက်ပိုင်းတော့ သိပ်မရေးနိုင်တော့ဘူး ...လက်က ဘောပင်ကို ကြာကြာကိုင်နိုင်လောက်တဲ့အထိ အင်အားတွေလည်းမရှိတော့ဘူးလေ...ညဘက်တွေ လူးလိမ့်နေအောင် နာတိုင်း မင်းရဲ့ရင်ခွင်ကျယ်ကျယ်ကိုတမ်းတမိသလို ဆေတွေထိုးရတိုင်း မင်းရဲ့ စကားသံတိုးတိုးတချို့ကို ကြားယောင်မိတယ်...လက်တွေတုန်လာတိုင်း တစ်ချိန်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ဖူးတဲ့ လက်နွေးနွေးကို သတိရမိပြန်တယ်...ရစ်နှောင်ချည်တွယ်ထားတဲ့ သံယောဇဉ်တွေကို အပြီးအတိုင် ဖြတ်တောက်လိုက်တော့မယ် အောင်...အောင် တစ်ယောက် အဆင်ပြေပြေနဲ့ ဘ၀လမ်းခရီးကို ချစ်တဲ့သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ.....။တစ်ချိန်ကမင်းရဲ့လူ"
"ကိုဇာမဏိ"
မော့ကြည့်လိုက်တော့ အခန်းထဲကို ၀င်လာတဲ့ သူနာပြုဆရာမလေး။
"ဆေးသောက်ရမယ်လေ။ စာတွေထပ်ရေးနေပြန်ပြီလား?"
"ဟုတ်ကဲ့"
"ဒေါက်တာကတောင် ကျွန်မတို့ကို ဆူနေပြီ..စာတွေသိပ်မရေးခိုင်းနဲ့ဆိုပြီး.."
ဆရာမကမ်းပေးလာတဲ့ ဆေးတစ်ချို့ကို ရေနဲ့အတူ မျောချလိုက်ရသည်။
"ဆရာမ"
"ဘာလဲ...ထပ်ပြီး လွှင့်ပစ်ပေးရဦးမှာလား?"
"ဟုတ်ကဲ့။အားနာပင်မဲ့ ကူညီပါဦးဗျာ"
"ရပါတယ်ရှင့်။ပေး စာရွက်"
ရေးထားတဲ့စာရွက်ကို သေသေချာချာ ခေါက်လိုက်ပြီး ဆရာမလက်ထဲ ကမ်းပေးလိုက်သည်။
"နားတော့နော် ကိုဇာမဏိ။ ထပ်ပြီးလည်း စာတွေမရေးနဲ့တော့"
"ဟုတ်ကဲ့"
ဆရာမလေးရဲ့ စကားကြောင့် ကျွန်တော်ခပ်မဲ့မဲ့ပြုံးလိုက်ရသည်။ မရေးတော့ပါဘူး ဆရာမရယ်။ဒီစာက ကျွန်တော်ရေးနိုင်တဲ့ နောက်ဆုံးစာပါပဲ။
ပြတင်းပေါက်ကနေ မြင်နေရတဲ့ ငှက်ကလေးနှစ်ကောင်က ချစ်ကြည်နူး တစ်တီတွန်းလျက်။ ဇာမဏိတစ်ယောက် ငှက်ကလေးတွေကို ကြည့်ရင်း လောကကြီးထဲက ထွက်ခွာသွားရဖို့ ကျန်နေသေးသည့် အချိန်နာရီတွေကို ရေတွက်နေခဲ့တော့သည်။
****************
Thanks for Reading ❣️✨
Have A Great Day ☘️🌟
YOU ARE READING
Collection Of Short Stories 💛
RandomShort Stories တွေပဲ တင်မှာပါ Mondayတိုင်း အသစ်တစ်ပုဒ် တင်ပါမယ်နော်✨