Rainy Day💧☄️🍃🌿

12 1 0
                                    

ဖျောက် ဖျောက် ဖျောက်

အိမ်ခေါင်မိုးပေါ်ကို မိုးရေစက်တွေကျနေတဲ့အသံကြောင့် ကျွန်တော်ခဏမှေးနေရာက လန့်နိုးသွား၏။ မိုးရေစက်တွေ စိုနေတဲ့ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြမ်းလိုက်တော့ တဖွဲဖွဲရွာနေတဲ့ မိုးနဲ့အတူ ပတ်၀န်းကျင်က မှောင်ရီပျိုးနေသည်။

အချိန်က ညနေ၄နာရီသာ ရှိနေသေးပင်မဲ့ ရာသီဥတုကြောင့် ညဘက်ရောက်နေပြီလို့ပင် ထင်နေရသည်။ ချမ်းစိမ့်စိမ့် ခံစားလိုက်ရတာကြောင့် အ၀တ်ဗီဒိုထဲက အနွေးထည်လက်ရှည်ကို ထုတ်၀တ်လိုက်ရသည်။ ကုတင်ဘေးက စားပွဲပေါ်မှာ လတ်တလောကမှ ဖျော်ထားမှန်းသိသာလှတဲ့ ခပ်နွေးနွေး ကော်ဖီတစ်ခွက်ကို တွေ့လိုက်ရသည်။ ယမုံ လာထားပေးထားတာ ဖြစ်နိုင်သည်။

ကျွန်တော်က မိုးရွာတဲ့ အချိန်တိုင်း ကော်ဖီပူပူ တစ်ခွက်သောက်တတ်တာ သိနေတာကြောင့် ဖြစ်လိမ့်မည်။ကော်ဖီခွက်ကို ကောက်ယူလိုက်ပြီး ပြတင်းပေါက်ဆီသွားကာ အပြင်က မြင်နေကြ မြင်ကွင်းကိုသာ ငေးမောကြည့်နေမိသည်။

ထီးသေးသေးလေးအောက်ထဲ မလုံ့တလုံ့ အတူဆောင်းသွားတဲ့ ဆယ်ကျော်သက် အတွဲလေးကို တွေ့တော့ ကျွန်တော် အသာပြုံးမိသည်။ ကျွန်တော့်ဆီမှာတော့ အဲ့လို ငယ်ရွယ်နုပျိုမှုတွေ ပျောက်ဆုံးသွားခဲ့ပြီမဟုတ်ပါလား။ အသက်ကြောင့်မဟုတ်ဘဲ ကျွန်တော့်ရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ကလေးဆန်မှုတွေက ပျောက်ဆုံးသွားခဲ့တာ ကြာပြီဖြစ်သည်။

ကျွန်တော်အပြင်ကို ငေးကြည့်နေတုန်းပဲ မြင်ကွင်းထဲ ထီး‌မပါဘဲ မိုးရေထဲက ပြေးလာသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။  ကျွန်တော်လည်း ငယ်ငယ်တုန်းက ထီးယူရမှာ မေ့တတ်လွန်းတာကြောင့် ထီးမပါဘဲ မိုးရေထဲ ပြေးရတဲ့နေ့တွေမှာ မရေမတွက်နိုင်အောင်ပင်။ အဲ့ဒီအချိန်တိုင်း မေ့တတ်လွန်းပြီး နမော်နမဲ့ နိုင်လွန်းတဲ့ ကိုယ့်ကိုယ်ကို ဒေါသထွက်ရလွန်းပင်မဲ့ အဲ့လိုထီးမပါလို့ဘဲ တစ်ဘ၀လုံးစာ မြတ်နိုးရမဲ့လူကို တွေ့ဆုံခဲ့ရတာမလို့ ထိုနေ့က ထီးမယူလာခဲ့မိခြင်းကို ပထမဆုံးအကြိမ် ပျော်မိသည့်နေ့ ဖြစ်လာခဲ့တော့သည်။

Collection Of Short Stories 💛Where stories live. Discover now