Unicode Version
၃)
ဝမ်ဧကရာဇ်က ရှောင်းကျန့်ရှေ့မှ ခပ်သွက်သွက်လျှောက်တော့ ရှောင်းကျန့်က ခေါင်းကိုငုံ့၍ အနောက်မှ လိုက်လျှောက်သည်။ ဧကရာဇ်၏ နန်းဆောင်ရောက်သည်အထိ ရှောင်းကျန့်က သူ့နောက်မှမခွာဘဲလိုက်လာသည်။ နဂိုကတည်းက လူကြောက်တတ်သော ထိုလူသားလေးက နန်းတွင်းကို ပို၍ ကြောက်နေပုံရသဖြင့် ဝမ်ဧကရာဇ်က ရင်မောနေရ၏။
"ကျန့်အာ"
"ဗျာ"
ရှောင်းကျန့်က ဝမ်ဧကရာဇ်ကို လက်လွတ်စပယ် ထူးမိပြီးမှ သူ့ပါးစပ်သူ လက်ဖြင့် အုပ်သည်။ ထို့နောက် လက်နှစ်ဖက်ကို ယှက်လိုက်ပြီး တရိုတသေပြန်ဖြေသည်။
"ကျွန်တော်မျိုး ရှိပါတယ် အရှင်။"
"ကိုယ်တော့်အကြောင်း ဘာတွေကြားထားလဲ။"
ဝမ်ဧကရာဇ်က ရှောင်းကျန့် သူ့ကို ကြောက်နေသည်ကို သဘောမကျပေ။ ရှောင်းကျန့်ကို သူ သဘောကျသည်၊ ပျော်ရွှင်စေချင်သည်၊ သူ့အနားတွင်သာ ထားချင်သည်။ ရှောင်းကျန့်ကို သူ ချစ်၊မချစ် မသိသော်လည်း သူ့တွင် ရှိသမျှအားလုံး ပုံပေးချင်သည်။
"အရှင်က အသက်ငယ်ငယ်နဲ့ ဧကရာဇ်ဖြစ်လာပြီးတော့ ခုနစ်ပြည်ထောင်ကို စုစည်းနိုင်ခဲ့တဲ့ ဘုန်းရှင်ကံရှင်ပါ။"
"ပြီးတော့ရော။ ကိုယ်တော့်ကို ဘယ်လိုထင်လဲ။"
ရှောင်းကျန့်က ပြန်မဖြေဘဲ လက်နှစ်ဖက်ကိုသာ ဆုပ်ချေနေသည်။ မွေးချင်းညီအစ်ကိုအားလုံးကို သတ်ပစ်ပြီးမှ ဘုရင်ဖြစ်လာကြောင်း၊ ဆယ်နှစ်သားကတည်းက ယန်မျိုးနွယ်ကြားတွင် ကြီးပြင်းခဲ့ကြောင်းလေ့လာဖူးသော်လည်း ရက်စက်ကြမ်းကြုတ်လှပါသည်ဟု ထုတ်မပြောရဲပေ။
"ကြမ်းတမ်းရက်စက်ပြီး အညှာအတာ မရှိတဲ့ မင်းသား.. စစ်ပွဲကို ခုံမင်တဲ့အာဏာရူးဘုရင်လို့ ထင်နေတယ်မလား။"
ဝမ်ဧကရာဇ်က သူ့ဘာသာ ပြန်ဖြေလိုက်သဖြင့် ရှောင်းကျန့်က ချက်ချင်းဒူးထောက်သည်။
"ကျွန်တော်မျိုး မထင်ရဲပါဘူး အရှင်။"
"နန်းတော်ထဲမှာ လူပေါင်း သောင်းချီရှိတယ်။ အားလုံးက အာဏာရှိတဲ့လူကို ဖားပြီး ကိုယ့်အောက်ကလူကို ဖိနှိပ်ချင်ကြတယ်။ တကယ်လို့ကိုယ်တော်ကသာနည်းနည်းလောက် မရက်စက်ပြထားရင် ခုနစ်ပြည်ထောင်ကို ဘယ်လိုအုပ်ချုပ်မလဲ။"