Uni
၈)
ရှောင်းကျန့်က မျက်လုံးကို ပွတ်သပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်သည်။ ခမ်းနားထည်ဝါနေသည့်အဆောင်ကြောင့် ဝမ်ဧကရာဇ်၏အိပ်ဆောင်မှန်းပြန်တွေးမိသွားပြီး သက်ပြင်းချသည်။
"ငါ... ဝမ်ဧကရာဇ်နဲ့ တကယ် အိပ်ခဲ့တာပေါ့.... ဟင်း..."
ရှောင်းကျန့်က တိုးတိုးလေး ရေရွတ်လိုက်ပြီး အားယူကာ ထထိုင်သည်။ သူ့ကိုယ်ပေါ်တွင် ညအိပ်ဝတ်ရုံအဖြူတစ်ထည်သာ ရှိနေပြီး ဆံနွယ်ရှည်ရှည်တို့ကလည်း ပြေလျော့နေခဲ့သည်။ သူက လက်ကောက်ဝတ်ရှိ နီမြန်းနေသော အရာများကို ကြည့်နေမိစဥ် အသံကျယ်ကျယ်တစ်ခုကို ကြားလိုက်ရ၏။
"အရှင်မင်းကြီး... မဖြစ်ပါဘူး။ ယောက်ျားလေးတစ်ယောက်ကို ကြင်ယာတော်မြှောက်ဖို့မသင့်တော်ပါဘူး။"
တစ်ဆက်တည်းမှာပင် ကြွေထည်ပစ္စည်းတစ်ခုခုကျကွဲသည့်အသံကိုပါ ကြားလိုက်ရသဖြင့် ရှောင်းကျန့်က ထိတ်လန့်သွားပြီး မတ်တပ်ရပ်လိုက်မိသည်။
"တိုင်းပြည်ရဲ့ဥသျှောင်မှာ အမျိုးသမီးကြင်ယာတော်လေးပါးရှိမှသင့်တော်ပါတယ်။ အရှင်... ဆင်ခြင်တော်မူပါ။"
"အတင့်ရဲလိုက်တာ"
ဝမ်ဧကရာဇ်၏ အသံသြသြကထွက်လာသဖြင့်ရှောင်းကျန့်က အလိုလို လိုက်ကာစကို လှန်လိုက်ပြီးထွက်လာခဲ့မိသည်။ သူက အိပ်ဆောင်ကိုကျော်လာခဲ့ရာ ဝမ်ဧကရာဇ်နှင့်အမတ်ကြီးအချို့ကို တွေ့လိုက်ရပြီး ဆက်မတိုးရဲဘဲ ရပ်နေမိသဖြင့် ဝမ်ဧကရာဇ်နှင့် အမတ်ကြီးများက သူ့ကို မမြင်သေးပေ။
"ကြင်ယာတော်တွေအများကြီးထားပြီး ဘာလုပ်ရမှာလဲ။ ကိုယ်တော်ကအဲ့လောက်အားနေတဲ့ပုံပေါ်လို့လား။"
"ဒါပေမဲ့... ယောက်ျားလေးတစ်ယောက်က ကြင်ယာတော်နေရာနဲ့မသင့်တော်ပါဘူး အရှင်။ ကလေးလဲ မရနိုင်တော့.."
အမတ်၏ စကားမဆုံးခင် ဝမ်ဧကရာဇ်က ဓားကိုဆွဲထုတ်လိုက်ပြီး အမတ်၏ ပုခုံးပေါ်တင်သည်။
"ကိုယ်တော် ကလေးလိုချင်တယ်လို့ မိန့်ဖူးသလား။"
ဝမ်ဧကရာဇ်၏ မျက်နှာက မာကြောခက်ထန်နေပြီး ဓားသွားက လက်နေ၏။ တစ်ဖက်မှရှောင်းကျန့်က အသက်ပင်အောင့်ထားမိပြီးဝမ်ဧကရာဇ်ကိုသာ မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေမိသည်။