Chapter-43

15.3K 2.4K 138
                                    

~Unicode~

ကားက ရှန်ထင်ဝေ့နေထိုင်သည့် ဗီလာ၏ ဝင်ပေါက်ရှေ့၌ ရပ်သွားခဲ့သည် ။ ဒရိုင်ဘာက ရောက်ပြီဖြစ်ကြောင်း လျန်ကျွယ့်ထံ လှမ်းပြောရန် ပြင်လိုက်သော်လည်း ဘေးဖက်ထိုင်ခုံ၌ ထိုင်နေသည့် လင်ချန်းက ဟန့်တားလာခဲ့ပါ၏ ။

လင်ချန်းက ခေါင်းလှည့်ကာ လျန်ကျွယ်၏ ပုခုံးထက်၌ အိပ်ပျော်နေဆဲဖြစ်သော ရှန်ထင်ဝေ့အား ကြည့်လိုက်ပြီးနောက်တွင် တိုးတိမ်စွာ ဆိုလာခဲ့သည် ။

" ဥက္ကဌလျန်... ကျွန်တော် နောက်မှ တစ်ခေါက်ထပ်ပြီး လာကြိုလိုက်ရမလား ?"

လျန်ကျွယ်က အနည်းငယ်မျှ စောင်းငဲ့လျက် ရှန်ထင်ဝေ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလာခဲ့သည် ။

" ခနစောင့်နေလိုက်.. ပြီးရင် သွားမယ် "

လင်ချန်းမှာ လျန်ကျွယ်၏ ဆိုလိုရင်းအား နားလည်ပေသည် ။ လျန်ကျွယ်က တစ်လနီးပါး ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ရာ ဖြေရှင်းစရာ ကိစ္စရပ်များစွာ ရှိနေသေးသည် ။ ဤကာလများအတွင်း မိမိက ကူညီဖြေရှင်းပေးထားသည်ဖြစ်သော်လည်း လျန်ကျွယ်ကိုယ်တိုင်‌ ဖြေရှင်းမှရမည့် ကိစ္စရပ်များစွာ ရှိနေဆဲပင် ။

ထို့ကြောင့် ဒရိုင်ဘာအား အကြည့်တစ်ချက် ပေးလိုက်ပြီးနောက်တွင် နှစ်ဦးသား ကားထဲမှ ထွက်လိုက်ကြသည် ။

မည်သို့ပင်ဖြစ်စေ လျန်ကျွယ်နှင့် ရှန်ထင်ဝေ့တို့ လက်ထပ်သည်မှာ မကြာသေးပါချေ ။ လျန်ကျွယ်၏ လက်ထောက်တစ်ယောက်အနေနှင့် ဤကဲ့သို့သော အချိန်မျိုး၌ သေချာပေါက် အလိုက်သိသင့်သည်ဖြစ်ရာ တမင်သပ်သပ်ပင် လျန်ကျွယ်တို့နှစ်ဦးသားအား " တစ်ဦးနှင့်တစ်ဦး နှလုံးသားချင်း စကားပြောနိုင်ရန် " အချိန်ဖယ်ပေးခဲ့ခြင်းဖြစ်သည် ။

တံခါးပိတ်သွားသည်နှင့် ကားထဲ၌ လျန်ကျွယ်နှင့် ရှန်ထင်ဝေ့တို့သာ ကျန်ခဲ့တော့သည် ။

ကားထဲ၌ ဘာသံမှ ရှိမနေပဲ လူနှစ်ဦး၏ အသက်ရှူသံ မျှင်းမျှင်းလေးကသာ ပေါ်ထွက်နေသည် ။

ရှန်ထင်ဝေ့က လျန်ကျွယ်၏ ပုခုံးပေါ်၌ မှီတွယ်ကာ အိပ်ပျော်နေဆဲဖြစ်ပြီး အစတုန်းကထက် ပိုလို့ပင် နီးကပ်နေသေးသည် ။ မြို့ထဲသို့ ဝင်လာခဲ့ချိန်တုန်းက ရှန်ထင်ဝေ့မှာ သက်တောင့်သက်သာရှိသည့် အနေအထားတစ်ခုအား ရှာဖွေနေသည့်အလား လျန်ကျွယ့်ဖက်သို့ တိုးဝှေ့ပူးကပ်လာခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင်တော့ ပြန်မရွေ့သွားပါတော့ချေ ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now