Extra_4

18.5K 2.5K 137
                                    

~Unicode~

လျန်ယွဲ့ထင်၏ မျက်လုံးကလေးများမှာ သွယ်လျကာ အစွန်းနား၌ အထက်ဖက်သို့ ကွေးတက်နေခဲ့ကြပြီး ရှန်ထင်ဝေ့နှင့် အတော်လေးကို ဆင်တူပေသည် ။

သို့သော်လည်း သူမ၏ ဖြောင့်တန်းနေသည့် နှာတံနှင့် နှုတ်ခမ်းပုံစံတို့က လျန်ကျွယ်နှင့်ဆင်တူပြီး မျက်နှာအစိတ်အပိုင်းများမှာလည်း အချိုးအစားကျနလှကာ နှုတ်ခမ်းလွှာတို့ကလည်း ပါးလျသောကြောင့် ရှန်ထင်ဝေ့၏ နူးညံ့ဖွယ်မျက်လုံးကလေးများအား ထည့်ပေါင်းလိုက်လျှင်တောင်မှပင် နူးညံ့ဟန်တို့ အနည်းငယ်မျှ ပျောက်ရှနေခဲ့ကြလျက် ရဲစွမ်းသတ္တိတို့ ပြည့်နှက်နေဟန် လေးနက်သည့်ဖက်သို့ သမ်းနေခဲ့လေသည် ။

ယွဲ့ထင်၏ စိတ်နေစိတ်ထားနှင့် အပြုအမူတို့ကလည်း လျန်ကျွယ်နှင့် အတော်လေးကို ဆင်တူလှကာ စကားလည်း များများစားစား မပြောသလို ရယ်မောခြင်းလည်း နည်းပါးလှပေသည် ။

ယခင်အပတ်တုန်းက လျန်ယွဲ့ထင်၏ အတန်းပိုင်ဆရာဖြစ်သူမှာ ရှန်ထင်ဝေ့ထံသို့ ဖုန်းခေါ်လာခဲ့ပါရင်း ကလေးက ကျောင်း၌ အတော်လေးကို တသီးတသန့်ဆန်လွန်းလှပြီး အမြဲတမ်း တစ်ယောက်တည်းဖြစ်နေတတ်ကာ အခြားသူများနှင့် လိုက်လျောညီထွေလည်း မရှိပါသောကြောင့် စိတ်ရောဂါကုဆရာဝန်တစ်ယောက်ယောက်ထံသို့ ပြကြည့်သင့်ပါကြောင်း နူးညံ့စွာ အကြံပေးလာခဲ့သည် ။

ထို့ကြောင့် ယခုအပတ် လျန်ကျွယ်က ကျန်းချန်သို့ အလုပ်ကိစ္စခရီးသွားချိန်တွင် ရည်ရွယ်ချက်ရှိရှိနှင့် လျန်ယွဲ့ထင်အား ခေါ်သွားခဲ့သည် ။ ကျန်းချန်၌ ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာဆွေးနွေးပေးသည့် နာမည်ကြီးသော စင်တာတစ်ခုရှိလေရာ လျန်ကျွယ်က ယွဲ့ထင်အား ထိုနေရာသို့သွားပြီး ဆွေးနွေးမှု ခံယူခဲ့ခြင်းဖြစ်သည် ။

စိတ်ပိုင်းဆိုင်ရာ အကြံပေးဆွေးနွေးမှုအပြီး နောက်တစ်ရက်တွင် လျန်ကျွယ်က ရှန်ထင်ဝေ့ထံသို့ ဖုန်းခေါ်လာခဲ့သည် ။

လျန်ယွဲ့ထင်မှာ Autism ဖြစ်နေသည့်ဖက်သို့ ယိမ်းနေသည့်လက္ခဏာရပ်များ ရှိမနေခြင်းက ရှန်ထင်ဝေ့အား စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်စေခဲ့ပါသော်လည်း သူ့ကိုယ်သူတော့ အပြစ်တင်နေဆဲပါပင် ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now