တစ်နှစ်
တစ်နှစ်ဆိုတဲ့အချိန်ပြည့်ဖို့ရက်ပိုင်းပဲလိုတော့တယ်
အချိန်ကအကောင်းဆုံးဆေး ဆိုပေမယ့် ဒီတစ်နှစ်ဆိုတဲ့အပိုင်းခြားတွင်းမှာ ဒဏ်ရာတွေကအနာဖေးမတတ်သေးဘဲ လတ်ဆတ်လို့..
ကြိမ်းသေပေါက်အနာတွေကျက်နေပြီဆိုတဲ့အရေခွံလွှမ်းထားလဲ မပျောက်သေးတဲ့ဒဏ်ရာတွေ
'မေမေ'ဆိုတဲ့စကားလုံးနှစ်လုံးကြားရုံနဲ့တင် သွေးစိမ်းပြန်ထွက်နိုင်တဲ့ဒဏ်ရာတွေ
ငါ့မှာဘယ်လောက်လွမ်းလွမ်းနှုတ်ကနေထုတ်မခေါ်နိုင်လောက်အောင်ဘဲစကားပြောနေရာက တစ်နေရာရာကိုရည်ရွယ်ချက်မရှိစိုက်ကြည့်ရင်း တိတ်ဆိတ်သွားတဲ့ ဖေဖေ့ရဲ့စကားသံတွေ မှိုင်းညို့သွားတဲ့မျက်ဝန်းတွေ..
ဖေဖေလည်းတူညီတဲ့ နာကျင်မှုထဲပိတ်မိနေတုန်းတူပါတယ်...'မေမေ' ကငါတို့အတွက်'အိမ်'နဲ့တူတဲ့ သက်ရှိနတ်သမီးဆိုတော့ ဒီပျောက်ဆုံးမှုက ငါ့တို့အတွက်ယိမ်းယိုင်စေတာပုံမှန်ပဲပေါ့
ဖေဖေက လွတ်လပ်တာကိုသဘောကျတဲ့လူ ၊ကိုယ့်စိတ်သဘော ကိုယ့်ခံယူချက်တိုင်းပဲ လွတ်လွတ်လပ်လပ်နေချင်တဲ့လူ...
မေမေ ကတော့ ဖေဖေ့ကိုတစ်ခွန်းမှအပြစ်မဆိုဘဲပါရမီဖြည့်ပေးနိုင်တဲ့လူပေါ့
ကျောင်းဆရာအလုပ် ၊အစိုးရဝန်ထမ်းအလုပ်တွေ တစ်ခုပြီးတစ်ခုပြောင်းလုပ်ဖူးတဲ့ဖေဖေက အဲ့ဒီ့လောကရဲ့ ကြီးနိုင်ငယ်ညှင်းတွေ လာဘ်ပေး လာဘ်ယူတွေ ဒီလို ဒီလိုတွေကို သည်းခံနိုင်တဲ့လူမှမဟုတ်တာ
ဝန်ထမ်းဘဝကိုနှုတ်ထွက်ပြီး ဆိုင်ကယ်ကယ်ရီမောင်းတော့လည်း ဘာမှမပြော ပြုံးပြုံးပဲ မိသားစုအတွက်စဥ်းစားပါဦးဘာညာတစ်ခုမှမပြောခဲ့တာမေမေက ဘယ်သူတွေဘယ်လိုအပြစ်တင်တင် မေမေက ဖေဖေကိုတစ်ခါမှမငြိုငြင်ခဲ့တာ..
အဲ့လိုလူကိုရုတ်တရက်ဆုံးရှုံးရတော့ ဖေဖေ့ဘဝကြီးပြိုလဲသွားသလိုခံရမှာပဲပေါ့ငါလည်းဘာထူးလဲ ငယ်ငယ်ကတည်းကခွဲနေရပေမယ့်လည်း ငါဘယ်လောက်ဆိုးဆိုးအမြဲပြန်စရာအိမ်ရှိတယ်ဆိုတဲ့အသိ ငါ့ကိုဘယ်သူ့မှမလိုချင်တော့ရင်တောင် အရာရာကိုအရှုံးပေးရရင်တောင် ငါခိုခွင်စရာမေမေ့ရင်ခွင်ရှိသေးတယ်ဆိုတဲ့အသိနဲ့ အမြဲလုပ်ချင်ရာလုပ် ဆိုးချင်သလိုဆိုးပြီး ပျော်ရွှင်နေနိုင်ခဲ့တာ...
ငါကအရမ်းဆိုးလို့ကျတဲ့မေ့မေ့မျက်ရည်ပဲဖြစ်ဖြစ် ငါကတော်လို့ ပြုံးပျော်နေတဲ့မေ့မေ့အပြုံးတွေပဲဖြစ်ဖြစ် ငါ့အတွက် လုံခြုံနွေးထွေးစေခဲ့တာ...
အဲ့လိုနွေးထွေးမှုတွေကို ငါဘယ်လိုလက်လွှတ်ပေးနိုင်မှာလဲ...
မေမေ အေးအေးချမ်းချမ်းသွားနိုင်အောင် လွှတ်ချပေးလိုက်ရမှာသိပေမယ့် ငါမလုပ်နိုင်သေးဘူးရယ်
ဘယ်လိုလုပ်ရမလဲ
တစ်နေ့နေ့ပြန်လာမှာ ဆိုတဲ့မဖြစ်နိုင်တဲ့မျှော်လင့်ချက်ကြီးထားပြီး ဖက်တွယ်ထားမိတုန်းပဲ
YOU ARE READING
စိတ်လွင်ပြင်
Randomမွန်းကြပ်တာတွေကို စကားလုံးတွေထဲ ထည့်ပိတ် မေ့ပျောက်နိုင်မလား မျော်လင့်လျက်