အပိုင်း-၃

29 4 0
                                    

Unicode

မနက်၅နာရီခွဲဟူသောအချိန်၌ alarm သံကြောင့်သူဟာနိုးနှင့်ပြီးဖြစ်၏။ မိနစ်ပိုင်းခန့်အိပ်ရာထက်အညောင်းဆန့်ပြီးသည်နှင့် ‌တစ်နေ့တာအတွက်လုပ်ငန်းများအား စတင်ရသည်။ ဤအလုပ်နှင့်အသားကျနှင့်နေပြီးသော သူ့အတွက်မူ အထူးတလည်အသစ်အဆန်းများမရှိတော့။ သူ့ဘဝတွင်အလုပ်၌ ပို၍ထောင့်စေ့အောင်လုပ်ကိုင်ရန်နှင့် သူ၏လုပ်ငန်းယခုထက်ပို၍ သာလွန်ကောင်းမွန်စေရန်တို့ကိုသာ ဦးတည်တော့သည်။ သူ၏ဘဝမှာ ရိုးရှင်းမလိုနှင့်‌စိတ်ဝင်စားဖွယ်ကောင်း၏။

လွန်လေပြီးသောအချိန်ကာလများတွင်တော့ တက်ကြွသည့်လူငယ်တစ်ယောက်ဖြစ်ခဲ့သည့်သူဟာ မြောက်များစွာသောအသစ်အဆန်းများနှင့် အမြဲတစေထိတွေ့နေခဲ့သည်။ ယခုတွင်မူသူသည်အခြားအရာများထက် သူ၏အလုပ်ကိုသာပထမနေရာ၌ရှိစေ၏။

အခြားသူများအတွက်အနည်းအငယ် ပျင်းရိဖွယ်ကောင်းနေနိုင်သော်ငြား သူ့အတွက်မူဤသည်မှာ ပြည့်စုံသထက်ပြည့်စုံ၏။ မိမိလုပ်ချင်ခဲ့သောအလုပ်အကိုင်မျိုး၌ အတည်တကျဖြစ်နှင့်နေပြီမို့ သူ့တွင်အခြားလိုအပ်ချက်တို့ရှိမနေတော့ချေ။ အများသူငှာ မည်သို့ပင်သဘောထားပါစေ။ သူ၏ကမ္ဘာငယ်လေးတွင် သူပျော်သည်မို့ ထိုအချင်းအရာများအားဂရုစိုက်ရန်မအား။

အသေအချာနှိုင်းယှဉ်ကြည့်ပါလျှင် လူငယ်ဘဝနှင့် ယခုလူရွယ်ဘဝကြား ထိုမျှကြီးမားသောခြားနားချက်တို့ရှိမနေ။ လူငယ်ဖြစ်စဉ်ကလုပ်ခဲ့သည့် အရာများအားလုံးကို ယခုတွင်လည်းသူလက်မလွှတ်ခဲ့။ ဥပမာအားဖြင့်ဆိုရလျှင် သူငယ်ချင်းများနှင့်တွေ့ခြင်း၊ ခရီးထွက်ခြင်းအပြင် တစ်ခါတစ်ရံ၌ ကော်ဖီဆိုင်ထိုင်ခြင်း အစရှိသောကိစ္စရပ်များအား ပြုလုပ်တတ်၏။ တစ်ခုတည်းသောခြားနားချက်မှာ လူငယ်ဘဝကကဲ့သို့ အလွန်အမင်းတက်ကြွနေခြင်းမရှိသည်သာ။ တစ်ချိန်ကသူသည် ‌အရောင်အသွေးစုံလှသည့် အိပ်မက်များနှင့်တက်တက်ကြွကြွရှိသည့် လူငယ်တစ်ယောက်ဖြစ်ခဲ့၏။

ယခုမူသူသည် ရင့်ကျက်တည်ငြိမ်ဟန်ရှိသည့် အသက်လတ်ပိုင်းယောက်ျားတစ်ယောက်အဖြစ်သာ။လက်ရှိကာလ၌ သူသည်ဝါသနာပါသောအလုပ်အားလုပ်နေရသကဲ့သို့ လက်ညှိုးညွှန်ရာရွှေဖြစ်သည့်အနေအထားတွင်ရှိ၏။ ထို့‌အတွက်ကြောင့် သူ့မှာ အိပ်မက်ဟူ၍ရှိမနေတော့ချေ။ အရာရာပြီးပြည့်စုံနှင့်ပြီးဖြစ်၏။ ခြုံငုံကြည့်လိုက်လျှင်ဤသည်မှာ အသက်ရလာသည်နှင့်အမျှစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာခြင်းသာဖြစ်မည်ဟုသူယူဆမိသည်။
______________

မေတ္တာမှသည်ချစ်ခြင်းသို့တည်Where stories live. Discover now