ပင်းမင်းသမီးကြီး
(အရှင်လတ်လတ် ငရဲခံခဲ့ရရှာသူ)ပင်းမင်းသမီးကြီးဟာ မင်းတုန်းမင်းကြီးရဲ့ အိမ်ထောင်ရှင် အပျိုစင် မင်းသမီး ၃ပါးမှာ တပါးအပါအဝင်ဖြစ်ပါတယ်။သူတို့တွေကတော့ မိုင်းနောင်စုဖုရားကြီး၊ တိုင်တားထိပ်ခေါင်တင်နဲ့ ပင်းမင်းသမီးကြီး တို့ပဲဖြစ်ပါတယ်။ သူတို့တွေဟာ လူသိရှင်ကြားတရားဝင် လက်ထပ် ထိမ်းမြားခဲ့ကြပေမယ့် ယင်ဖိုတောင်မသန်းခဲ့တဲ့ အပျိုစစ်စစ်တွေဖြစ်ခဲ့ပါတယ်။
ပင်းမင်းသမီးဟာ မင်းတုန်းမင်းကြီးနဲ့ စားပွဲတောင်တိုက်စားမိဖုရားတို့ရဲ့ သမီးတော် နှစ်ပါးအနက် သမီးတော်ကြီးဖြစ်ပါတယ်။ မယ်တော်မိဖုရားဟာ မင်းတုန်းမင်းရဲ့ မင်္ဂလာအိမ်တော်ပါမိဖုရား(မင်းသားဘဝကကောက်ယူထားခြင်း) ဖြစ်၍ မင်းတုန်းမင်း နန်းတက်တဲ့အခါမှာ မဟေဘွဲ့ခံ မိဖုရားလတ် အဆင့်ရာထူးပေးပြီးမြှောက်စားခဲ့ပါတယ်။ နောက်မကြာမီမှာ ဒေဝီဘွဲ့ခံ မိဖုရားရာထူးပေးပြီးမြှောက်စားခဲ့ပေမယ့် မိဖုရားဖြစ်ပြီး ၃ နှစ်အကြာမှာ ကံကုန်ခဲ့ပါတယ်။ ပင်းမင်းသမီးကြီးနဲ့ ညီမတော်မိုးမိတ်မင်းသမီးတို့ကို မင်းတုန်းမင်းကြီးရဲ့ နန်းမတော်စင်္ကြာဒေဝီက ထိမ်းသိန်းစောင့်ရှောက်ခဲ့ရပါတယ်။
ပင်းမင်းသမီးအရွယ်ရောက်တဲ့အခါမှာ ခမည်းတော်မင်းတုန်းဘုရင်က မောင်တော်ဖြစ်သူ မက္ခရာမင်းသားကြီး နဲ့ ရေသွန်းလက်ထပ်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မက္ခရာမင်းသားဟာ တရားဝင် ကိုယ်လုပ်တော်ခုနှစ်ယောက်နဲ့အတူ နန်းပြင်အဆောင်တော်မှာ နေထိုင်တာကို ပင်းမင်းသမီးလေးဟာ သိပါလျက်နဲ့ ခမည်းတော်ကိုမလွန်ဆန်နိုင်လို့သာ လက်ခံခဲ့ရရှာပါတယ်။
မက္ခရာမင်းသားကြီးဟာလဲ ပင်းမင်းသမီးနဲ့ လက်ထပ်တဲ့အချိန်ကစလို့ ပင်းမင်းသမီးလေး ထံအဆောင်တော်မကူးခဲ့ပဲ နန်းပြင်ဆောင်က ကိုယ်လုပ်တော်တွေနဲ့သာ နေထိုင်ခဲ့ပါတယ်။ ဒီအကြောင်းကို မင်းတုန်းမင်းကြီးသိတဲ့အခါမှာ ညီမတော် ပင်းမင်းသမီးထံအဆောင်တော်ကူးဖို့အရေး မိန့်ကြားပေမယ့် "သွားပါ့မယ်ဘုရား"ဆိုတဲ့ ချွေးသိပ်စကားနဲ့သာပြီးခဲ့ပါတယ်။
နောက်ဆုံးမင်းတုန်းမင်းကြီးဟာ မင်းမိန့်သုံးလို့ မက္ခရာမင်းသားရဲ့ ကိုယ်လုပ်တော်တွေကို ရပ်ရွာဇာတိပြန်စေပြီး မက္ခရာမင်းသားကိုလဲ နန်းတွင်းအဆောင်တော်ပြောင်းစေခဲ့ပါတယ်။ ဒါပေမယ့် မက္ခရာမင်းသားဟာ ခေါင်းမာစွာနဲ့ ပင်းမင်းသမီးထံအဆောင်တော်မကူးဘဲ သူ့ရဲ့ အချစ်ဆုံးသောကိုယ်လုပ်တော် မိုင်းရယ်စော်ဘွား၏နှမဖြစ်သူ ခင်မမ ကို မီးဖိုအုတ်တိုက်တစ်ခု မှာပုန်းနေစေပြီး အတူတကွနေထိုင်ကြပြန်ပါတယ်။
အဆုံးမှာတော့ မက္ခရာမင်းသားရဲ့ ရက်စက် စိမ်းကား မှုတွေကြောင့် ပင်းမင်းသမီးလေးဟာ စိတ်ထောင်းကိုယ်ကြေ၊ အရှက်ကြီးရလို့ ပိန်ကြုံဖျော့တော့ပြီး၊ စိတ်ဂနာမငြိမ်ဖြစ်ကာ ခမည်းတော်ဘုရင်ကြီးထံ မက္ခရာမင်းသား နဲ့ တရားဝင်ကွာရှင်းဖို့တောင်းဆိုခဲ့ရပါတော့တယ်။ ဒီလိုနဲ့ မင်းတုန်းမင်း ကြီးလဲ မတတ်သာတဲ့အဆုံးမှာ တရားဝင်ကွာရှင်းပေးခဲ့ရပြီး ပင်းမင်းသမီးလေးဟာလည်း လူတကာမေးငေါ့စရာ ရတနာပုံနန်းတွင်းမှာ ပွဲဦးထွက် အပျိုစင် တခုလပ် မင်းသမီးဘဝကို ရောက်ခဲ့ရပါတော့တယ်။ ဘဝဆိုးရှာသူ ပင်းမင်းသမီးလေးဟာ ဒီစိတ်ဒဏ်ရာတွေနဲ့ပဲ သက်တော် (၃၀) ကျော်ဝန်းကျင် ၁၂၄၄ ခုနှစ်မှာပဲ ကံတော်ကုန်ရရှာပါတယ်။
ဒီနေရာမှာ ပင်းမင်းသမီးလေးရဲ့ဘဝဟာ ကျန်သောအပျိုစင် အိမ်ထောင်ရှင်မင်းသမီးနှစ်ပါးဘဝနဲ့ ယှဉ်ရင် တော်တော်ဆိုးရွားခဲ့ပါတယ်။ မိုင်းနောင်စုဖုရားကြီးဟာဆိုရင် ညီမတော်စုဖုရားလတ်ကြောင့် သီပေါမင်းအဆောင်တော်မကူးခဲ့ပေမယ့် အားကိုးစရာ မိခင်တစ် ယောက်လုံးရှိနေခဲ့ပါတယ်။ အလားတူ တိုင်တားထိပ်ခေါင်တင်မင်းသမီးဟာလည်း မတ်ဖြစ်သူ ကောလင်းမင်းသားနဲ့တရားဝင်လက်ထပ်ခဲ့ရပေမယ့် အားကိုးစရာ မိခင်နဲ့ အစ်မတော် ရှိတဲ့အပြင် ကောလင်းမင်းသားဟာလည်းသူ့အပေါ်မရက်စက်ခဲ့ပါဘူး။
သီပေါမင်းရဲ့ ရက်စက်မှု့ကိုခံရရှာသူ စုဖုရားကြီး ကတော့ "ဒေါင်းယာဉ်ပျံဘုံနဘေး စာရေးလို့ထားချင်တယ်"လို့ သူ့အပူကိုဖွဲ့ဆိုခဲ့တဲ့အတွက် ပင်းမင်းသမီးလေးမှာတော့ မိတဆိုးဘဝရောက်ရုံမက မောင်တော်မက္ခရာမင်းသားကလည်း မသနားမညှာတာရက်စက်ခဲ့ပြန်တဲ့အတွက် သူ့အပူဟာ ငရဲမီးတမျှပူလောင်ခဲ့မယ်လို့ဆိုရင် မလွန်ပေဘူးလို့ထင်ပါတယ်။
ကိုးကား
ရတနာပုံနိဒါန်းနိဂုံး
ကုန်းဘောင်ရှင်းတမ်း#မင်းနန်သူ
#Historynotes
YOU ARE READING
အတိတ်တစ်ခုရဲ့ခြေရာကောက်ကြောင်း
Randomကိုယ့်ဘာသာ စုဖတ်လို့ရအောင် ဗဟုသုတရစရာ တွေစုဆောင်းခဲ့ပါတယ်။