အညာရဲ့နွေ.....
နွေကာလမှာ ကျရောက်တဲ့သကြန်....
အတာကူးမှ ပွင့်တယ်ဆိုတဲ့ နွေရဲ့ပိတောက်...
တစ်ပင်လုံးရွှေရောင်သမ်းနေတဲ့ ပိတောက်ပင်ကြီးအောက်က ခူးဖို့စောင့်နေတဲ့ ကျွန်မ...။
"ပန်းလိုချင်လို့လားဗျ"
သဘောကျရတဲ့ အသံလှိုင်းငြိမ်ငြိမ်လေးကြောင့် အနောက်ကိုဆတ်ခနဲ လှည့်ကြည့်မိတော့ တံချူကိုင်ပြီးအပင်အောက်မှာ ရပ်နေသူကိုတွေ့သည်။ပရဟိတဆေးကုအဖွဲ့ကဒေါက်တာလေး။ကြင်နာတတ်ပြီး အမြဲပြုံးရယ်နေတတ်သူမို့ စာသင်နေရင်း ဆေးကုဆောင်ဘက်လှမ်းလှမ်းငေးရတဲ့သူ။ကြည်လင်တဲ့ အသံလေးကစပြီးသဘောကျရတဲ့သူမို့ အရမ်းတွေလှုပ်ရှားနေတဲ့စိတ်ကို အမြန်ထိန်းရ၏။
"ဟုတ်"
"ကျွန်တော်လည်းခူးမလို့ဗျ။ခင်ဗျားအတွက်လည်း ပိုခူးပေးမယ်လေ"
ေြပာရင်းက ပိတောက်ပန်းတို့ကို သူကတံချူနဲ့ခူး၏။
"ပန်းတွေက ဘာလုပ်ဖို့"
ကျွန်မက ကျလာတဲ့ပိတောက်တစ်ခက်ကိုအပြေးကောက်ရင်းမေးတော့ သူက ဖြူဖွေးဖွေး သွားတန်းညီညီတို့ပေါ်သည်အထိ ရယ်ပါ၏။
"ကျွန်တော်တို့ဆေးအဖွဲ့က ဆရာမလေးတွေပါဗျာ ပိတောက်ပန်းလိုချင်တယ်ဆိုပြီး ပူဆာနေကြတာနဲ့"
အောက်ကျနေသော အကိုင်းတို့ကိုသူကကူကောက်ပေးလာရင်း အနားက အကိုင်းသေးသေးလေးကို လက်ဖြင့်လှမ်းချိုးသည်။ထို့နောက် ကိုယ့်နားထက် ပန်ဆင်လို့ပေးလာ၏။
ကျွန်မမျက်လုံးတွေ လုံးဝိုင်းကာ မော့ကြည့်မိတော့ သူ့ရဲ့စွဲမက္ ချင်စရာ မျက်လုံးတွေနဲ့ဆုံသည်။
"ကျွန်တော် ဓါတ်ပုံလေးတစ်ပုံလောက်ရနိုင်မလား"
ပြုံးရင်းမေးလာသူက လည်ပင်းမှာအစကတည်းကဆွဲလာတဲ့ ကင်မရာလေးကိုအသင့်ပြင်နှင့်ပြီးသား။ခူးထားသမျှအကိုင်းအခက်အားလုံးကိုလက်ထဲပွေ့ထားတဲ့ ကျွန်မရဲ့ပုံစံဟာ ကို့ရို့ကားယားဖြစ်နေမှာတော့အမှန်။နောက်တစ်ခုက နားရွက်နားမှာညှပ်ထားတဲ့ပန်း။ကျွန်မက ပန်းတွေကိုကြိုက်တတ်ပေမယ့် ပန်းပန်လေ့ပန်ထတော့မရှိ။ကျွန်မရဲ့ပံုစံနဲ့မလိုက်ဖက်ဘူးလို့ခံစားရရုံသာမို့။