UNICODE
"ဝိုး... ရောက်အောင်လာခဲ့တာပဲ"
"ခင်ဗျား!!!"
ရှောင်းကျန့် ပေးပို့ထားသည့် လိပ်စာအတိုင်းလိုက်လာတော့ အဆောက်အဦးအပျက်ကြီးတစ်ခုဖြစ်သည်။ လူလုံးဝမရှိသည့် ထိုနေရာကြီးက တိတ်ဆိတ်ပြီးကြောက်စရာကောင်းနေသည်။
ဟိုသည်ကို ကြည့်ကာ သတိထားရင်း ဝင်လာပြီးနောက် ရောက်ပြီဖြစ်ကြောင်း အကြောင်းကြားလိုက်သည်နှင့် အခန်းတစ်ခုထဲက လူတစ်ယောက်ထွက်လာသည်။
ထိုလူက လွန်ခဲ့သည့် လပိုင်းလောက်က သူ့ထံမှ အိုးတွေ အော်ဒါမှာခဲ့လို့ သွားပို့ပေးခဲ့ရသည့်သူပင်။
ရှောင်းကျန့်အံံ့ဩသွားသလို ထိုနေ့က ရိပေါ်၏ ကြောက်နေဟန်၊ သနားစဖွယ် မျက်လုံးလေးတွေက အလျင်အမြန်ပြန်ပေါ်လာခဲ့၏။
"မတွေ့တာကြာပြီနော်... ရှောင်းကျန့် နှစ်လလောက်တော့ရှိမလား"
"ရိပေါ်ရော... ရိပေါ်ဘယ်မှာလဲ"
ရှောင်းကျန့်အထဲကို လှမ်းကြည့်နေရင်း အနောက်မှ လူနှစ်ယောက်က ထွက်လာကာ ရှောင်းကျန့်၏ လက်တွေကို တဖက်တစ်ချက်စီထိန်းချုပ်ကာ ထိုအခန်းထဲ ဆွဲသွင်းလိုက်၏။
အခန်းက ခွဲစိတ်ခန်းအဟောင်းတစ်ခုလိုပင်။ နံရံမှာကြွေပြားကပ်ထားပြီးနောက်တော့ ကုတင်တစ်ခုလည်းရှိနေသေးသည်။
"ကိုကို..."
အသံလာရာကြည့်တော့ ကုတင်အလွတ်ကဲ့သို့ နောက်ထပ်ကုတင်တစ်လူံးပေါ်မှာ ချည်နှောင်ခြင်းခံထားရသည့် သူ့ကလေးလေး။
"အားပေါ်..."
ရှောင်းကျန့်အမြင်အာရုံတွေကို မျက်ရည်တချို့ပိတ်ဆို့သွားသည်။
"ကိုကိုလာပြီနော်... "
မျက်ရည်တွေ ဝဲနေသည့်ကိုကိုက သူ့ကိုပြုံးပြသည်။ တံခါး၏အဝင်ဖက်က နေရာမှာ သူ့ကိုထားတာကြောင့် ကိုကိုက ဝင်လာချင်းမှာ သူ့ကိုမမြင်ရပေမယ့် သူကတော့ ရုန်းကန်ပြီး ဝင်လာတဲ့ကိုကို့ကိုမြင်လိုက်ရတော့ ခံစားရသည်မှာ မချိလှ။
ရှောင်းကျန့်ကို ချုပ်ထားသည့်လူတွေက ကုတင်ပေါ် အတင်းတွန်းတင်လိုက်သည်။ ရှောင်းကျန့်က ရုန်းသော်လည်း ချုပ်နှောင်ထားသည်က လူနှစ်ယောက်မို့ အဆင်မသင့်လှပါ။