မြင်ယောင်နေသည့် ပုံရိပ်ကို လျစ်လျူရှုလို့ ရှောင်းကျန့်က ဆေးကြောဖို့အတွက် ကောါဖီမတ်ခွက်ကြီးကိုင်ရင်း မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။
ထိုပုံရိပ်ကလေးကတော့ ငုတ်တုတ်ကလေး အိပ်ပျော်နေဆဲ။
မတ်ခွက်ဆေးပြီးသည်နှင့် လှည့်ကြည့်လိုက်တော့ ထိုပုံရိပ်ဟာရှိနေသေးသည်။ ဒီ့ထက်ဆိုးရွားလာရင်တော့ ရှောင်းကျန့်က အိပ်ပျက်သည့် ညတွေအတွက် တိုင်ပင်စရာ ဆရာဝန်ဖြစ်ဖြစ်ရှာရတော့မည်ဟူ၍ တွေးလိုက်မိသည်။
စားပွဲပေါ်တင်ထားတဲ့ စီးကရက်ဘူးထဲမှ တစ်လိပ်ကို ထုတ်ကာ နှုတ်ခမ်းမှာ တေ့ကိုက်ထားလိုက်သည်။
မီးခြစ်ရှာရင်းနှင့် အလုပ်ခန်းအရှေ့ကို မျက်စိပြန်ရောက်ပြန်တော့ ထိုပုံရိပ်ဟာရှိနေသေးသည်။ ရှောင်းကျန့် ပါးစပ်မှာတေ့ထားသော စီးကရက်ကို စားပွဲပေါ် ပြန်တင်လိုက်ပြီး မျက်လုံးတွေမှိတ်ချကာ စားပွဲခုံဘေးက ပလပ်စတစ်ထိုင်ခုံပေါ်ကို ထိုင်ချလိုက်သည်
"တော်ပါတော့ကွာ... တော်ပါတော့!!"
ရုတ်တရက် ထအော်လိုက်သည့် အသံကြောင့် အလုပ်အခန်းရှေ့က ငိုက်နေသည့် လူကလေး မျက်လုံးတွေပွင့်သွားသည်။
အသံလာရာ လှမ်းကြည့်လိုက်တော့ အလုပ်ခန်းကနေ တိုက်ရိုက်မြင်ရသည့် စားပွဲခုံဘေးမှာ ကိုကိုက ထိုင်နေသည်။ ခေါင်းကိုမော့ကာ မျက်လုံးကိုမှိတ်ထားသည်။
"ကိုကို..."
ရိပေါ် ချက်ချင်း ထ,ရပ်လို့ အနားကိုသွားလိုက်၏။ နှုတ်ခမ်းမွှေးတွေရှည်နေသည့် ကိုကိုက မျက်ကွင်းတွေလည်းညိုနေသည်။
ရိပေါ် ရှည်နေသည့် မျက်နှာပေါ်က အမွှေးအမျှင်တစ်ချို့ကို လက်ညှိုးထိပ်လေးနှင့်ထိကြည့်လိုက်သည်။
မျက်လုံးမှိတ်ထားသည့် ကိုကိုက မျက်လုံးတွေ တဖန်ပြန်ဖွင့်လို့ သူ့ကိုကြည့်လာ၏။
"ကိုကို ဒါတွေရှည်နေပြီ"
ကိုကိုက အိပ်မက်က နိုးသလိုမျိုးသူ့ကို အကြာကြီးစိုက်ကြည့်နေသည်။
"ကိုကို..."
"အားပေါ်... အားပေါ်လား... တကယ်ပဲ အားပေါ်လား"