Unicode
ခွန်ချိုငယ်တစ်ယောက် အဝေးပြေးကား ရပ်ပေးခဲ့သည့် တာဆုံတွင် အထုပ်အပိုးများဆွဲကိုင်ကာ၊ ဦးခေါင်းပေါ် တည့်တည့်ကျနေသည့် ပူပြင်းတဲ့ တပေါင်းလရဲ့ အပူချိန်ကိုအံတုနေရသည်။
သူပြောင်းရွှေ့မိန့်ကျသည့် မြို့လေးသည် အတော်အတန် စည်ကားသည်ဆိုသည့်တိုင်၊ စာသင်ရမည့်ရွာကတော့ မြို့နှင့် အလှမ်းဝေးလှသေးသည်မို့ ရွာမှလာကြို မည့်သူများကိုစောင့်နေရသည်။"ပူကျစ်နေတာပဲကွာ"
ညို့စိမ်းနေသည့် ပါးရိုးတစ်လျှောက် ချွေးဒီးဒီးစီးကျလျှက်၊ ကျောင်းအပ်လက်မခံမီ အမှီပြောင်းလာတာမို့ နွေရာသီကိုမုန်းတဲ့ ခွန်ချိုငယ်တစ်ယောက် လူသွားလူလာကျဲတဲ့ တာဆုံဆိုသည့် နေရာမှာပင် အော်ငိုချင်လာသည်။ အခုအချိန် အရိပ်ကောင်းလှတဲ့ မေမေ့ ခြံထဲက ဝါးကွပ်ပျစ်လေးကိုသူလွမ်းမိတာအမှန်ပင်။
ထိုစဉ်...
"မြို့ကလာတဲ့ ဆရာလေးလားဗျို့"ခွန်ချိုကျောပေးထားသည့် ခပ်လှမ်းလှမ်းမှ ဆိုင်ကယ်သံတဝူးဝူးနှင့် ဖုန်လုံးတွေနှင့်အတူ ဆိုင်ကယ်နှစ်စီးက သူ့အနားရောက်တော့ အမေးစကားဆိုလာခဲ့သည်။
"ဟုတ်ပါတယ်ဗျ တောင်ကုန်းရွာက လာကြိုကြတဲ့သူတွေလား ခင်ဗျ"
"ဟုတ်တယ်ဗျို့..အကြိုနောက်ကျသွားတာ စိတ်မရှိနဲ့ဆရာလေးရေ ကျုပ်တို့က ကားဝန်းထဲသွားစောင့်နေတာဗျ"
ထိုသူတွေက ခွန်ချိုရဲ့ခရီးဆောင်အိတ်တွေကို ဆိုင်ကယ်နောက်တွင် ကြိုးနှင့်သေချာချီရင်း တောင်းပန်စကားဆိုတော့ သူ့မှာအားနာရပြန်သည်၊ ဒီနေရာမှာဆင်းနေခဲ့မိတာ သူ့အမှားမဟုတ်လား။
"မဟုတ်တာ ဗျာ ကျွန်တော်က တာဆုံမှာဆင်းရမယ်ထင်ပြီး ဆင်းနေရစ်ခဲ့တာပါ"
"နို့..ဆရာလေး ပူနေရော့မယ် ဒီခေါင်းဆောင်းလေးဆောင်းထားလိုက်"
လာကြိုသည့်ရွာသားထံမှ သူ့လိုပင် မျက်နှာအလုံပါသည့် ခေါင်းဆောင်းတစ်ခုလက်ခံရရှိပြီးမှ ဆိုင်ကယ်ပေါ်တက်ကာ တောင်ကုန်း ဆိုသည့်ရွာလေးသို့ ခရီးဆက်ရသည်။
"လမ်းကတော့ဆိုးတယ်ဆရာလေးရေ မြဲမြဲကိုင်ထားဗျို့"
လယ်မြေတွေကို ဖြတ်ပြီး ဖောက်ထားသည့် လမ်းက ချိုင့် ကမူတွေ ပေါလှသည်မို့ ခပ်ဆိုးဆိုးနေရာတွေများ ရောက်လျှင် ခွန်ချို့မှာ ဆိုင်ကယ်ပေါ်မှ မြောက်တက်သွားရသည်။