အခန်း(၆)
~~ပျော်ချင်တိုင်းလည်း မပျော်ရပါ~~ ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ~~မသိသေးတဲ့ဒီလောကရဲ့အထာ~~~အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ~~~အချိန်အားဖြင့် ညကိုးနာရီတိတိ ညနေစောင်းက ဆရာပေါက်စငြင်းတာ ခံလိုက်ရသည့် သားငယ်တစ်ယောက် ဂစ်တာတစ်လက်ဆွဲကာ သာဂိတို့တစ်သိုက်နှင့် သူ့ဘကြီးအိမ်ရှေ့ အပြတ်ဟဲနေပြီဖြစ်သည်။
ဒီတစ်ခါတော့ သာဂိတို့လည်း ဘဲငြင်းကောင်ဆရာသမားကို သနားကာ တွတ်စီတွတ်စီမပြောပဲ ဆရာသမားနှင့်အတူ ဖျော်ဖြေနေပြီဖြစ်သည်။
"ပေါက်ကွဲပစ်လိုက်ဆရာသမားရေ"~~နေသာခိုက်မှာ မြင်လို့လေ~~တွေ့တဲ့အခါတိုင်းလည်း~~မိုးမအုံ့ပါဘူး မပြောသာ~~ခန့်မှန်းလို့မရကောင်းတဲ့အခြင်းအရာ~~အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ~~
ခွန်ချိုတစ်ယောက် အိမ်မပျော်သေးတာမို့ ခြံထဲလမ်းဆင်းလျှောက်နေစဉ် သားငယ်တို့အဖွဲ့ သီချင်းဆိုသံကြောင့် အိမ်ပေါ်ထပ်ပြန်မတက်ပဲ အသာနားစွင့်နေလိုက်သည်။
"ငါ့မှာလည်း ဒီရောက်မှ အပျိုဖြန်းလေးလို အပိုးပမ်းခံရတယ်လို့ ချီးတဲ့မှကံတရား"
~~အပြုံးနဲ့ယှဉ်တွဲ~~နွှဲခဲ့ဖူးတာလည်း အခါခါ~~~နောက်ဆုံးတော့ အငိုသာကျန်မြဲပါ~~
~~~ကိုယ့်အတွက်မှာတော့~~~အချစ်စစ်ဆိုတာဟာလေ~~ထာဝစဉ်ပေးဆပ်ရခြင်းပါ~~
~~~ယုံကြည်လွန်းတဲ့ဒီအချစ်မှာ~~~ဘဝတစ်ခုကိုရင်းနှီး မီးနဲ့ရေနဲ့ကစားလာ~~အနိုင်အရှုံးတော့ ကိုယ်လည်းမသိသေးပါ~~~အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ~~~
ညဘက်ကြီး သူများခြံရှေ့အသည်းလာကွဲပြနေသည့် အနှီကောင်သည် ညနေကဖြင့် အသားယူသွားတာသူမဟုတ်သည့်အတိုင်းပင်။
"ဟေ့ ဘယ်ကောင်တွေလဲကွ ငါ့အိမ်ရှေ့သီချင်းလာဆိုနေတာ"
အိမ်ထဲမှ ဘကြီးရဲ့အောင်မြင်လှသည့် အသံကြောင့် ခွန်ချိုတစ်ယောက် လှစ်ခနဲ အိမ်ပေါ်ထပ်တက်ပြေးသွားသလို သီချင်းသံသည်လည်း တိခနဲရပ်သွားသည်။
"သူ့ဘကြီးတော့ ကြောက်သားဟ"
ခွန်ချိုတစ်ယောက်ကြိတ်ပြုံးမိသည်။ အံ့မိုးငယ်သည် အသက်အားဖြင့် မိမိထပ် ခြောက်နှစ်မျှငယ်သည့် လူငယ်လေးသာသာပင်။ လူငယ်တို့သဘာဝအရ သူ့အပေါ်စိတ်ကစားနေသည်ဟုပင် အမှတ်ထားချင်မိသည် မိမိသည်တစ်ရွာသားမဟုတ်ပါလား။
အချိန်တန်လျှင်အိမ်ပြန်ရမည်ဖြစ်ပြီး သဘာဝမကျသည့် ချစ်ခြင်းနှစ်ခုအကြား ဤလူငယ်လေးအား မနစ်မွန်းစေချင်ပါ။
"သားငယ်ရေ မင်းနဲ့တော့ခက်တယ်ကွာ"
............................
သားငယ်တစ်ယောက် ယခုရာသီအတွက် ပဲစာရင်းငှားချထားသည်မို့ အိမ်ကပ်ကာ စာရင်းလုပ်နေစဉ်
"ကိုကြီးသားငယ်ရေ ဘကြိုင်ခေါ်တယ်ဗျို့"
"ဟေ အခုလားကွ ငါစာရင်းလုပ်နေတာမအားသေးဘူးရော် အရေးကြီးလို့လား"
"မသိဘူးလေ ကျုပ်ကြားတာတော့ သင်္ကြန်အတွက်ဆိုလားပဲဗျ"
"အေးအေး ခနနေ အမေပြန်လာတော့သွားလိုက်မယ်"
ချက်စူက အိမ်ထဲဝေ့ကြည့်ရင်း
"ကြီးတော်ကမရှိဘူးလား"
"မရှိဘူး ရွာမြောက်ပိုင်းသွားတယ် မင့်ကဘာလုပ်မလို့လဲ ငါ့အမေတွေ့ရင်"
"ကိုကြီးကလည်း အ ရန်ကောနော် ကျုပ်ကြားလာတဲ့သတင်းတစ်ခုပြောမလို့"
သားငယ်တစ်ယာက် စာရင်းလုပ်နေသည်ကိုရပ်ကာ ..
"ဆိုစမ်းပါဦး"
"ဒီနှစ်သင်္ကြန်မှာ ကျောင်းဆရာလေးက မြို့တက်မယ်တဲ့ဗျ သူ့အမေဆီကျောင်းမဖွင့်ခင်အလည်ဆိုလားပဲ"
"ဘာရယ်..."
ရုတ်တရက် သားငယ်ထိုင်ရာကထရပ်မိမလိုတောင်ဖြစ်သွားသည်။အသည်းကမြို့တက်မယ်တဲ့လား။
"ပလုတ်တုတ်..လန့်တာဗျာ"
"မင်းသတင်းကသေချာလား"
"ချက်စူပါဗျ မပိုင်ရင် ခြင်တောင်လူငှားနဲ့ရိုက်မှာ ရက်အတိအကျပြောလိုက်မယ်နော် လာမယ့်၁၀ရက်နေ့ ပြန်မှာ"
မဖြစ်တော့ချေ ချက်စူရဲ့သတင်းသာအမှန်ဆိုလျှင် ဆရာပေါက်စနှင့် သင်္ကြန်အတူရှိမည်ဆိုသည့် စိတ်ကူးလေးတော့ တက်တက်စင်အောင် လွဲတော့မည်ဖြစ်သည်။
"သားငယ်ကြံရင် အိမ်ထရံတောင် အီးကုန်းတုတ်တံဖြစ်သေးတာ ပြေးနှင့်ဦးပေါ့ ဆရာပေါက်စရေ"
တစ်ဖက်တွင်....
"ဟက်ချိုး...."
"ဟော ဆရာလေးတစ်ယောက် ညကအအေးခံလိုက်ပြီနဲ့တူတယ်"
ကျစ်ကျစ်တောက်ပူနေသည့်ရာသီတွင် ခွန်ချိုနှာချေနေသည်မှာ မရပ်မနား။
"ဟုတ်မယ်ထင်တယ် ကြီးမေ ညကနည်းနည်းပူတာနဲ့ ပြတင်းပေါက်ဖွင့်ထားမိတာ ပြန်မပိတ်မိလိုက်ဘူး"
အိမ်အောက်ထပ်တွင် လာလည်သည့် ကလေးတွေအား အကြမ်းရည်ဖြင့် ဧည့်ခံကာ စကားပြောနေသည့် ခွန်ချို။
"ဒါဆို ဆရာလေးက သားတို့အတန်းကို သင်မှာပေါ့နော်"
"ဒါပေါ့ ဆရာက စာမလုပ်တဲ့ကလေးတွေကိုတော့ အားကြီးစိတ်ဆိုးမှာဗျ"
"ဒါတော့စိတ်ချ သားကနှစ်တိုင်း ဆုရတာနော် "
ခပ်သွက်သွက်ကလေးတွေမို့ ခွန်ချို့မှာ အချစ်ပိုရပြန်သည်။
"မောင်ခွန်ချိုမြို့ဘယ်တော့ ပြန်ဖြစ်မလဲကွ"
"ဆယ်ရက်နေ့လောက်ဦးကြီး"
"ကားလက်မှတ်ရောစီစဉ်ပြီးပလား"
" ကားလက်မှတ်ကတော့မဖြတ်ရသေးပါဘူး မေမေက သင်္ကြန်တွင်း တရားစခန်းဝင်ချင်တယ်လည်းပြောနေတော့လေ"
"အေးကွာ သင်္ကြန်အမှီတော့ပြန်လာဖြစ်ရင်ကောင်းမယ် ရွာမှာသင်္ကြန်ဆို သိပ်စည်တာကွ"
"ဟုတ်တယ် ဟုတ်တယ် သားတို့နဲ့ရွာသင်္ကြန်လည်ကြမယ်လေ"
ထိုစဉ်.....
"ဘကြီး ကျုပ်အခေါ်လွှတ်တယ်ဆို"
သားငယ်တစ်ယောက် အပေါ်အင်္ကျီဗလာ ပုဆိုးတိုတိုဝတ်ကာ အိမ်ထဲသို့လှမ်းဝင်လာသည်။
"ဒုန်း..."
အရပ်နှင့်မလွတ်သည့် အိမ်အပေါက်ဝကြောင့် သတိလက်လွတ်ဝင်တိုက်မိသည့် ခေါင်းမှာပူခနဲပင်။ ဒီအရပ်ကြီးရှည်နေတာ ဘကြီးအိမ်ပေါက်ဝကိုဝင်တိုးဖို့ မွေးဖွားလာသလိုပင်။
"ဟဲ့ သားငယ်ရယ် ဖြည်းဖြည်းလာလေ ရှပ်ပြာရှပ်ပြာနဲ့ "
"ကျုပ်ကဖြည်းဖြည်းလာတာပဲလေ ကြီးတော်တို့ အိမ်အပေါက်ဝတန်းကိုက ကျုပ်ကိုငြိုးနေတာ"
"ငါမနက်တည်းက ချက်စူကိုအခေါ်လွှတ်လိုက်တာ မင်းကဘာလို့ အခုမှလာတာလဲ"
အမေ့အစ်ကိုလို့ မပြောရဘူး ဘကြီးကဂျပန်မူလီထပ်ဆိုးသည်၊ ရစ်သည့်နေရာမှာချန်ပီယံ။
ခပ်တည်တည်ပင် ဆရာပေါက်စဘေးနားမှ ကလေးတစ်ယောက်အား ဂုတ်မှဆွဲမကာ သစ်သားခုံတန်းတွင် ဝင်ထိုင်တော့ သူနှင့် အဝေးကိုရွှေ့သွားသည့်ဆရာပေါက်စ။
"ဘာလို့အခုမှလာလဲဆို ဘကြီးညီမပေါ့ ရွာထဲလျှောက်လည်နေတာလေ ကျုပ်မယ်အိမ်စောင့်ရင်း စာရင်းဇယားလည်းလုပ်နေရသေးတာ"
အကြမ်းရည်တစ်ခွက်ကို တဖူးဖူးမှုတိသောက်ရင်း ဘေးကဆရာပေါက်စကိုလည်းခိုးငေးရသေးသည်။
ရွာရောက်စဉ်ကထပ်ပင် ထိုဆရာပေါက်စက အသားတွေပိုဖြူပြီး ပြည့်များတောင်လာသေး။
သူကြည့်နေသည်ကို သတိထားမိသွားသည့်ဆရာပေါက်စကတော့ဖြင့် ရေနွေးအပူကိုကောက်မော့တာမို့ သားငယ်မှာ အလန့်တကြားတားရသေးသည်။
"ပူတယ်လေ လျှာတွေကျတ်ကုန်လိမ့်မယ် အေးမှသောက်"
"ဟမ်.....အင်းအင်းး"
ခွန်ချို့လက်ထဲမှ ရေနွေးခွက်စားပွဲပေါ်ပြန်ရောက်မှ လာရင်းကိစ္စကို စကားဆက်ရသည်။
"နို့ ကျုပ်ကိုအခေါ်လွှတ်တဲ့ကိစ္စလေး ပြောပါဦး"
"ထုံးစံအတိုင်းပေါ့ ရွာသင်္ကြန်မင်းကိုဦးစီးခိုင်းမလို့"
"ဒါများ ဘကြီးရာတကူးတကကြီးခေါ်နေသေးတယ် စိတ်သာချ ကျုပ်သေချာစီစဉ်လိုက်မယ်"
"အေး နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲအတွက်လည်း အခုကစပြီး အလှူခံလုပ်လို့ရပြီ"
"ကောင်းပြီဗျာ ကျုပ်အမြန်ဆုံးစီစဉ်လိုက်မယ် ရွာထဲက လူငယ်အင်အားလည်းတောင့်တော့ ကျုပ်နဲ့အတူဦးစီးပေးဖို့ လူတော့လိုတယ်ဗျ"
ရွာလူကြီး ဦးဘကြိုင်ခမြာ တူဖြစ်သူအပြောကြောင့် တအံ့တဩပင်။
နှစ်တိုင်း သူတစ်ယောက်တည်း ဦးဆောင်ခဲ့သည်ကို အခုမှဘာထပြီး အဆန်းလုပ်နေသည်မသိ။
"နှစ်တိုင်းမင်းပဲလုပ်နေကျလေ ဘေးလူပါရင် စိတ်ရှုပ်တယ်ဆို"
ဘကြီးရဲ့ အငေါ်တူးစကားကို အလျှင်အမြန်ပင်..
"ကျုပ်လည်း အသက်တွေကြီးလာပြီဗျ ငယ်တုန်းရွယ်တုန်းကလို မှတ်ဉာဏ်ကသိပ်မကောင်းတော့ဘူးလေ"
"တယ်..ပေါက်တီးပေါက်ရှာတွေပြောနေပြန်ပြီ သူစိမ်းကြားရင် မင့်အသက်က ဒီအဖိုးကြီးလောက်ရှိနေပြီထင်ဦးမယ်"
အသက်လေးနှစ်ဆယ်ကျော်ကို အဖိုးကြီးလေသံထွက်နေသည့် သားငယ်ကို ခွန်ချိုလည်းတအံ့တဩဖြစ်မိသည်အထိ။
တတ်လည်းတတ်နိုင်တဲ့ကောင်....
"ပြောပြော အဲ့တော့ဘာဖြစ်လဲ"
သားငယ်မှာ သူ့အကွက်ထဲရောက်လာပြီဖြစ်သည့် ဘကြီးအား မချိပြုံးလေးဖြင့်
"အဲ့ဒါ ရွာရဲ့လေးစားရတဲ့ဆရာလေးကိုပါ အကူညီတောင်းတဲ့အနေနဲ့ ခေါ်ချင်လို့"
"ငမ့်....."
မြှားဦးကတော့ ခွန်ချို့ထံ တည့်တည့်စိုက်သွားပြီဖြစ်သည်။
"ဒါတော့မရဘူး မင့်ဆရာလေးက သင်္ကြန်ရွာမှာမရှိဘူး တခြားသူသာရှာတော့ "
ဘကြီးရဲ့အပြောကြောင့် သားငယ်မှာ မျက်လုံးရွဲကြီးများဖြင့် ဆရာလေးကိုကြည့်ကာ...
"နည်းနည်းပိစိတောင်ကူညီပေးလို့မရဘူးလားဟင်"
"အဟမ်း..အင်း ကိုယ်မေမေ့ဆီပြန်ဖို့ရှိတာ"
ခွန်ချို့မှာအားတုံ့အားနာဖြစ်ရပြန်သည်။
"ဆရာလေးကကျွန်တော့်ကို အဲ့လောက်တောင်မကြိုက်ဘူးပေါ့နော် ကျွန်တော်နဲ့ အလုပ်ဝိုင်းမကူချင်အောင်အထိလေ"
"ဖူးးး........."
ဘကြီးမှာ သားငယ်စကားကြောင့်သောက်လက်စရေနွေးကြမ်းပင် သီးသွားသည်အထိ..
"မင်း...အံ့မိုးငယ်"
ခွန်ချို့မှာ နားထင်သွေးဆောင့်တိုးသွားသည်အထိ...
"နို့ မှန်တယ်မဟုတ်လား ဆရာလေးကကျွန်တော့်ကိုတကယ်မကြိုက်တာပေါ့"
ရွာလူကြီးအရှေ့ အရှက်မရှိမျက်နှာပြောင်တိုက်နေသည့် အနှီလူထွားကောင်ကို ထထိုးလိုက်ရမလား?
ဘကြီးထံမှ စူးစမ်းသည့် အကြည့်တစ်ချို့ကို ခွန်ချို့မှာသာ မျက်နှာပူစွာဖြင့်ရှောင်လွှဲနေရသည်။
"ဒီလိုလုပ်ပါလား ကိုယ်အကြိုနေ့တော့ပြန်ရောက်အောင်လာခဲ့မယ် "
"အကြိုနေ့လား? "
"အင်း ထပ်မရတော့ဘူး အကြိုနေ့ရွာကိုအမှီပြန်ခဲ့မယ် "
"ဆရာလေးက ပုံပြောပြီးလစ်ပြေးရင်ဘယ်လိုလုပ်မလဲဗျ..အာ့ အားးးး"
အနှီကောင်အား စိတ်မရှည်တော့သည့် ခွန်ချိုတစ်ယောက် ဆွေ့ခနဲပင်အနားရောက်သွားကာ ဗိုက်ခေါက်အား လိမ်ဆွဲပြီးပြီဖြစ်သည်။
"အေး မင်းထပ်ဈေးဆစ်နေရင် ငါကျောင်းအပ်လက်ခံမှပဲ ပြန်လာတော့မယ်"
သူ့အချစ်မှာ မျက်စောင်းမမြည်သော မျက်စောင်းဖြင့် ဒေါသတကြီး ပြောလာသည်မို့ အထွန့်တက်ချင်သည့်စိတ်ကလေးအား အသာမြိုသိပ်လိုက်ရသည်။
"အားးးရိုးရိုး ဆရာပီပီ လက်သံကတော့ပြောင်တယ်ဗျို့"