Unicode
အခန်း(၂)
"နေ့ပူညချမ်း၊ တပေါင်းလဆန်း" ဆိုသည့်ဆိုရိုးစကားအတိုင်း၊ ခွန်ချို မနက်စောစော နိုးလာချိန်တွင် အိမ်အပေါ်ထပ်မှ မြင်မြင်သမျှ အရာအားလုံးဟာ မြူတွေဆိုင်းနေပြီး လေအဝှေ့တွင်ခြံဝိုင်းထဲမှ ကံ့ကော်ပန်း ရနံ့ဟာ သူ့နှာသီးဝသို့ ကလူကျီစယ်ပြုနေသည်မှာ စိတ်အစုံကို လန်းဆန်းစေသည်။
"ဟော ဆရာလေးအစောကြီးနိုးနေပါလား"
"ဟုတ်တယ် ကြီးမေ ညကစောစောအိပ်လိုက်တော့ အိပ်ရေးဝသွားတယ် ထင်ပါတယ်ဗျာ"အိမ်အပေါ်ထပ်ရှိ ဘုရားခန်းသို့ ဘုရားဝတ်ပြုရန် တက်လာသည့် ကြီးမေက သနပ်ခါးအဖွေးသားနှင့် ဆံထုံးထက် ကံ့ကော်ပန်းတွေကိုဝေနေအောင်ပန်ထားကာ ကျက်သရေရှိလှသည့် အမျိုးသမီးကြီးပင်ဖြစ်သည်။
"အေးကွယ် ကိုယ်လက်သန့်စင်ပြီး အဆာပြေစားလိုက်ဆရာလေးရေ သားငယ်တစ်ယောက်မနက်အစော မြို့ဘက်တက်ပြီး ကိတ်မုန့်တွေဝယ်ချလာလေရဲ့"
သားငယ်ဆိုတာနှင့် ဟိုဗလနဲ့ချာတိတ်မှန်း ခွန်ချိုသိလိုက်ပါသည်။
"မနက်စာကို တကူးတကကြီးတွေလုပ်မနေပါနဲ့ကြီးမေရယ် ကျွန်တော်ကထမင်းပဲစားတတ်လို့ပါ"
"ထမင်းအကြမ်းလည်းကြော်ထားတယ်ဆရာလေးရေ လယ်ကြွက်ကြော်လေးနဲ့ စားကြည့် မြို့မယ်တော့ လယ်ကြွက်စားဖို့ ခက်မှာ ဒီရောက်တုန်းအဝသာစား"
ထို့နောက် ဘုရားဝတ်ပြုတော့မည့် ကြီးမေအားမနှောက်ယှက်တော့ပဲ ကိုယ်လက်သန့်စင်ရန်သာ အောက်ထပ်သို့ဆင်းလာခဲ့သည်။"ဟေ့ ဆရာပေါက်စ"
"အမေ့...."
ကိုယ်လက်သန့်စင်ပြီးနောက် ဗိုက်မဆာသေးတာမို့ ခြံထဲမှ သီးပင်စားပင်တွေဘက် လမ်းလျှောက်ရင်းနှင့် စာသင်နှစ်အတွက် စီစဉ်စရာရှိသည်များကို စဉ်းစားရင်း ပတ်ဝန်းကျင်အား သတိမေ့နေစဉ် ခွန်ချို့အနားသို့ ဗြုန်းခနဲရောက်လာပါသော ကိုလူထွား။"လန့်သွားသလားဗျ"
မချိုမချဉ်မျက်နှာပေးနှင့် ခွန်ချိုလန့်သွားသည်ကို သဘောကျနေသလိုပင်။
"မင်း ရောက်နေရင်လည်း အသံလေးဘာလေးပေးကွ "