အခန်း(၅)
ရွာမြောက်ဘက်ထန်းတော၌ ယနေ့တော့ လူစည်နေသည်။ လူစည်ဆို ရွာရဲ့ကာလသားခေါင်းဆောင်ကိုယ်တိုင် ထန်းတောရောက်နေသည်မဟုတ်ပါလား။"ကိုကြီးသားငယ်တို့ ဟိုတစ်လောက အဘအိမ်ရှေ့သီချင်းသွားဆိုကြတယ်ဆို"
"မင့်ဘယ်ကသတင်းရတာလဲ"
ထန်းရည်လေးဝင်သွားသည်နှင့် ချက်စူတစ်ယောက်အာသွက်လျှာသွက်ဖြစ်လာသည်။
"အမလေးဗျာ အရပ်ထဲ ဟိုးလေးတကြော်ကြော်ဖြစ်နေတဲ့ဥစ္စာ ကျုပ်ကဆက်စပ်တွေးမိရုံလေး""နို့ နေပါဦး ကိုကြီးသားငယ်က ဘယ်သူ့သွားပိုးတာတုန်း အဘအိမ်မယ် အပျိုလည်းမရှိပါဘူးဗျာ"
"ဘယ်သူ့ပိုးရမှာလဲ မြို့ကဆရာလေးတဲ့"
သာဂိက ချက်စူရဲ့ အမေးစကားကို ဝင်ဖြေပေးသည်။ ဆရာသမားကတော့ ထန်းရည်တစ်ခွက်နှင့် တွေးဆွေးငေးနေသည်မဟုတ်ပါလား။"ဘာရယ်..မြို့ကဆရာလေးကိုဟုတ်စ"
"အေးဆို မင်းတို့ဆရာသမားကမကြိုက်တော့လည်း ချောပေ့ဆိုတဲ့ လှယဉ်ကျေးလေးကိုတောင်အဖက်မလုပ်တာ ဆရာလေးနဲ့မှပဲ ဆရာလေးကိုပဲအသည်းစွဲအောင်ချစ်တော့မည်ဖြစ်နေတာဟေ့"
"နို့ ဆရာလေးဘက်ကရောဗျ ရိတိတိတော့သွားမလုပ်နဲ့နော် ဗလကငါတို့နှစ်ဆလောက်ရှိတာ"
ဆရာလေး ခွန်ချိုငယ်သည် ကာလသားတွေအားကျလောက်တဲ့အထိ တောင့်တင်းသောကိုယ်ခန္ဓာနှင့် ညို့စိမ့်သောအသားအရေကိုပိုင်ဆိုင်ထားသူဖြစ်သည်။ ချက်စူတို့လို ငပိန်လေးတွေကိုဆို ကိုင်ပေါက်ရင်တောင်လွင့်လောက်မည်။
"မင်းတို့ကောင်တွေ အရမ်းစကားများကြတယ်နော် ငါ့အတွက်တော့ ဆရာက အမှောင်ထဲက လမ်းပြကြယ်လေး ဟဲဟဲ"
"ဆရာသမားရယ် အရပ်ထဲကသေးသေးကွေးကွေးကိုစိတ်မဝင်စားပဲ ဘယ့်နှယ့် ဗလကြီးကိုသွားစိတ်ဝင်စားရတာတုန်းဗျာ"
"မင်းတို့ ..မင်းတို့..မင်းတို့ မသိရင်မှတ်ထား သေးသေးကွေးကွေးတွေထက် အခုလို ထောင်ထောင်မောင်းမောင်းကိုကြိုက်တော့ ဆောင်းတွင်းအနွေးဓာတ်ပိုရတာပေါ့ကွ"
ဆရာသားငယ်ပို့ချသည့် သင်ခန်းစာတွေက မှတ်သားလောက်စရာပင်။