24 hours
Unicode Version
ကျွန်တော့်နာမည် Jeon Jeongguk ပါ။
ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာပဲ နေထိုင်သူဖြစ်ပြီး သာမန်ရိုးကျ မိဘနှစ်ပါးဆီကနေပဲ ချို့ချို့တဲ့တဲ့ မွေးဖွားလာခဲ့တယ်။ကျွန်တော် မှတ်မိပါပြီဆိုကတည်းက အဖေနဲ့အမေက နေ့စဉ်နေ့တိုင်းလိုလို ရန်ဖြစ်၊ စကားများနေတတ်တယ်။ အစပိုင်းကတော့ မိဘတွေ ရန်ဖြစ်တိုင်း တငိုငိုတရီရီနဲ့ ရသလောက် ဝင်ဆွဲတတ်ပေမဲ့ နှစ်အတော်ကြာလာတော့ ကျွန်တော် နေသားကျလာတယ်။
ကျွန်တော့်ဘက်က တတ်နိုင်တာ ဘာမှမရှိဘူးဆိုတာလည်း သိလာခဲ့တယ်။ ကျွန်တော့်မှာ မောင်နှမဆိုတာ မရှိဘူး။ လူကုံထံအသိုင်းအဝိုင်းက မဟုတ်သလို၊ ရွှေဇွန်းကိုက်ပြီး မွေးလာတာလည်း မဟုတ်တာမို့ တစ်ကောင်ကြွက်လေးလို့ပဲ လူတွေက ပြောစမှတ်ပြုကြတယ်။
လူတိုင်းနဲ့ အဆင်ပြေအောင်နေတတ်ပြီး ဆရာမိဘစကားနားထောင်တာမျိုးကို လိမ္မာတယ်လို့ ယူဆရင် သေချာတယ်၊ ကျွန်တော်က မလိမ်မိုး မလိမ္မာ အပေအတေ အဆိုးအသွမ်း ကောင်လေးတစ်ယောက်ပဲ။
ကျွန်တော် ကျောင်းပြေးတယ်၊ ရန်ဖြစ်တယ်၊ စာမေးပွဲ အမြဲလိုလိုကျပြီး ဆေးလိပ်လည်း စူးစူးစမ်းစမ်း သောက်တတ်တယ်။ လိမ်တာ၊ ညာတာ၊ မိုက်ကန်းတာ၊ လူလည်ကျတာတွေက ကျွန်တော့်ဘဝရဲ့ မရှိမဖြစ် အကောင်းဆုံး အဖော်အပေါင်းတွေပဲ။
ဟိုဘက်ဆွေမျိုးနည်းနည်း၊ ဒီဘက်ဆွေမျိုးနည်းနည်းရဲ့ သနားကမား ထောက်ပံ့မှုလောက်တော့ ရှိတာပေါ့လေ။ ငါ့ကို မသနားနဲ့လို့လည်း ကျွန်တော်က ဇာတ်နာမပြတတ်ဘူး။ ပေးရင် ယူလိုက်ပြီး မပေးရင်လည်း ဒီအတိုင်း ဖြစ်သလိုနေလိုက်ရုံပါပဲ။ 'မရှိမာန'ဆိုတာကရော ဘာလဲ။ ကျွန်တော် မသိ၊ စိတ်မဝင်စား။
တစ်စိတ်ကို တစ်အိတ်လောက်လုပ်ပြီး ကျေးဇူးတရားက မည်မျှကြီးမားကြောင်း လာဟောပြရင်တော့ ကျွန်တော် ဘာမှပြန်မပြောဘဲ ထုံးစံအတိုင်း လူစေ့တက်စေ့ကို နှုတ်ခမ်းမဲ့ပြီး ပြုံးပြလိုက်တာပါပဲ။