"မင်္ဂလာပါ J and P ခရီးသွားလုပ်ငန်းစုကပါ ဘာများကူညီပေးရမလဲရှင်"
ဖုန်းဖြေလက်စ ဝန်ထမ်းမလေးက သူ့ကိုမြင်တော့ ကပြာကယာထကာနှုတ်ဆက်ဖို့ပြင်သည်။ မလိုအပ်ကြောင်း သူလက်ကာပြလိုက်ပြီး သက်ဆိုင်ရာအခန်းရှိရာသို့ ခြေလှမ်းတည်ခဲ့သည်။
"ဘော့စ် မနက်စာစားခဲ့ပြီလား"
မနက်ခင်းရဲ့တက်ကြွနေသည့် ငှက်ငယ်ပမာအတွင်းရေးမှူးမလေး။ သူတစ်ချက်ပြုံးလျက်က ခေါင်းငြိမ့်ပြလိုက်သည်။ အခန်းလေးထဲမှာ သူလုပ်စရာအလုပ်တွေက အဆင်သင့်ပင်စောင့်ကြိုလျက်ရှိနေစမြဲ။
မစောင့်ဆိုင်းတတ်သည့် အချိန်တို့သည် တစ်ပတ်ပြီးတစ်ပတ် ကုန်ဆုံးလို့နေသည်။ ကုန်လွန်သွားသည့် သုံးနာရီဆိုသောအချိန်အတွင်း သူထိုင်ရာကပင်မထဖြစ်ခဲ့။
"ဘော့စ် ကန်တင်းသွားမလို့ ဘာဝယ်ခဲ့ရမလဲ"
"နေပါစေ"
အမြဲပြုံးရွှင်နေတတ်သည့် အတွင်းရေးမှူးလေးထွက်သွားသည်နှင့် လက်တော့ပ်ပေါ်မှာ သူ့လက်ချောင်းတွေကို ထပ်လှုပ်ရှားလိုက်သည်။
သူနေထိုင်ရာ စံအိမ်ကြီးထဲရှိ စီစီတီဗွီတိုင်းရဲ့မြင်လွှာက မျက်နှာပြင်ထက်မှာ အသီးသီးပေါ်ထွက်လာသည်။ ဒီအချိန်လောက်ဆို မောင် ထမင်းစားနေလောက်ပြီမို့ ပုံရိပ်တစ်ခုကို အကျယ်ချဲ့ကြည့်လိုက်သည်။
ထင်သည့်အတိုင်းပါပေ။ မောင်သည် စားပွဲညာဘက်ထိပ်ရှိထိုင်ခုံပေါ်တွင် ပျင်းရိပျင်းရွဲထိုင်လို့နေသည်။ သို့သည့်တိုင် မောင်သည်ကြည့်ကောင်းနေဆဲ။
အိမ်အကူများက ထမင်းပန်းကန်များနှင့် ဟင်းပွဲများကို မောင်ရှေ့ကစားပွဲထက်မှာ ပြင်ဆင်ပေးနေကြသည်။ လူဆိုးလေးမောင်က ဟင်းပွဲများကိုကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် ထိုင်ခုံကိုနောက်အနည်းငယ်ဆုတ်လိုက်ပြီး ခြေထောက်နှစ်ချောင်းကို စားပွဲပေါ်လှမ်းတင်လိုက်သည်။ ပြီးနောက် ခေါင်းလှန်ကာအိပ်လေသည်။
ခပ်လှမ်းလှမ်းမှာရပ်နေသည့် အိမ်အကူလေးများခမျာ မောင့်လုပ်ရပ်ကြောင့် ဘာလုပ်ပေးရမှန်းမသိတာမို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တွတ်တိုးကုန်သည်။ ၎င်းတို့ထဲမှာတစ်ယောက်သည် ကင်မရာရှိရာဘက်ကိုလှမ်းကြည့်လာကြသည်။