အကျင့်ဖြစ်နေတဲ့အိပ်ရာထချိန်ကြောင့် လူးလူးလွန့်လွန့်နဲ့ပဲ သူနိုးလာခဲ့သည်။ ခါးပေါ်မှာရှိနေတဲ့ခပ်လေးလေးအရာတစ်ခုနဲ့ အသက်ရှူသံဖွဖွကို လည်ဂုတ်နားမှာခံစားလိုက်ရတာမို့ အထိတ်အလန့်ဖြစ်သွားရသည်။
နောက်မှ ထိုသူဟာ မောင်ပါလားဆိုသည့်အသိကြောင့် ရင်အေးသွားရသည်။ မောင်ကတစ်ညလုံး ယခုပုံစံအတိုင်း သူ့ကိုဖက်တွယ်ကာအိပ်နေခဲ့သည်ပေါ့။ လှပ်ခနဲခုန်သွားတဲ့ ရင်ခုန်သံကြောင့် မောင်ကြားပြီးနှိုးသွားမလားဆိုပြီး ပေါက်ပေါက်ရှာရှာတွေးလိုက်မိသေးသည်။
"မောင် နိုးနေတာလား"
သူ့လည်ပင်းအနောက်ဆီက မှဲ့လေးကိုခပ်ဖွဖွနမ်းလိုက်တဲ့မောင့်ကြောင့် သူ့ရင်ခုန်သံတွေခမျာ ထိန်းမနိုင်အောင်ပင် ဗြောင်းဆန်ကုန်ရပြန်သည်။ တစ်ဆက်တည်းသိလိုက်ရတာက သူတကယ်ကို လွမ်းနေခဲ့တာပဲ မောင့်ရဲ့ဒီလိုအပြုအမူတွေရယ် အနမ်းဖွဖွတွေရယ်။
"ဟျောင်း အလုပ်သွားရမှာလား"
"အင်းလေ ဘာလို့လဲ"
"ဒီတိုင်းမေးကြည့်တာ"
ယခုပုံစံလေးအတိုင်းပဲ သူတို့နှစ်ဦးသားငြိမ်သက်နေမိသည်။ အတန်ကြာမှ ရေမိုးချိုးကာပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောလိုက်ကာ အိပ်ရာထဲမှထွက်ခဲ့လိုက်သည်။ မောင်သည်လည်း သူ့နည်းတူစွာပင် ကိုယ်လက်သန့်စင်ရန်ထခဲ့တော့သည်။
သွားတိုက်နေရင်းကပင် မှန်ထဲမှာပေါ်နေသည့် သူ့ဘေးကမောင့်ပုံရိပ်အား မယုံနိုင်စွာပင် သူခဏခဏကြည့်နေမိသည်။ တကယ်လားဆိုသည့် အတွေးနှင့်ပင် နံဘေးကိုလည်း မကြာခဏဆိုသလို လှည့်ကြည့်နေမိပြန်ပါသည်။
မောင်က မျက်ခုံးပင့်ကာ ဘာလဲဆိုသည့်သဘောဖြင့် မေးငေါ့ပြလေရာ သူခေါင်းယမ်းပြမိသည်။ ထို့နောက် ရင်ထဲတရိပ်ရိပ်တက်လာတဲ့ ပျော်ရွှင်မှုနဲ့အတူ မျက်လွှာချကာ တချက်ခိုးပြုံးလိုက်မိသေးသည်။ သို့သော် သေချာပေါက် မောင်မမြင်စရာအကြောင်းတော့မရှိ။
နောက်ဆုံးတော့ တစ်ချိန်တုန်းက သူ့ရဲ့မောင် ပြန်ရောက်လာခဲ့ပြီ။ ထို့အတူ ယနေ့လေးမှာ မောင်တစ်စုံတစ်ခုကို အမှတ်ရဖို့လည်း တိတ်တဆိတ်ငံ့လင့်နေမိပါသေးသည်။