[unicode]
ထိုနေ့ပြီးကတည်းက သုံးရက်ရှိပြီ။ဟျွန်ဂျင်းက ထိုသူ့အကြောင်းဆက်တိုက်တွေးမိနေပေမယ့် သူ့ကိုထပ်မတွေ့ရသေးဘူး။
ဒီနေ့က လေးရက်မြောက်နေ့။ဟျွန်ဂျင်းကံကောင်းတယ်ထင်တယ်။ဒီနေ့မှာ သူ့ကိုထပ်တွေ့ရတယ်။ဦးထုပ်အဝိုင်းခပ်ကြီးကြီးတစ်ခုကိုဆောင်းပြီး ထပ်ဝယ်လာပုံရတဲ့ပန်းပင်တွေကိုစိုက်နေတာ။
လူတစ်ယောက်က ဘယ်နှကြိမ်ကံကောင်းမှာလဲ။အခွင့်အရေးဆိုတာလည်း နှစ်ခါလာချင်မှလာမှာ။ဘာမှတွေးမနေဘဲ သူ့ကိုဟျွန်ဂျင်းစကားသွားပြောလိုက်တယ်။မြေကြီးတွေကိုတူးဆွနေတဲ့သူရဲ့ဘေးမှာ ထိုင်ပြီး
"ပန်းပင်တွေထပ်စိုက်နေတာလား ဦးလေး။
အဲ့ကြယ်ပန်းတွေနဲ့တူတဲ့အဖြူရောင်ပန်းလေးတွေရဲ့နာမည်ကဘယ်လိုခေါ်လဲဟင်"ထိုသူက ဟျွန်ဂျင်းကို မျက်ခုံးကြီးတွန့်ပြီးကြည့်နေတာ။ဟျွန်ဂျင်းစကားလာပြောတာကို သဘောမကျဘူးထင်တယ်။မတတ်နိုင်ဘူးလေ ဟျွန်ဂျင်းကတော့ သူနဲ့စကားပြောရမှာကို ကြိုက်တယ်။
"အာ...စကားပြောရင် နာမည်ကိုအရင်မိတ်ဆက်ရမှာပေါ့။ကျွန်တော်မေ့သွားတာပဲ။
နာမည်က ဟွမ်ဟျွန်ဂျင်းပါ။ဒီအိမ်ရဲ့နှစ်အိမ်ကျော်ကအိမ်မှာ ကလေးလေးတစ်ယောက်ကို စာလာပြပေးနေတာလေ။""အဲ့ဒီတော့..."
သူက ဟျွန်ဂျင်းကို စကားပြန်ပြောတယ်တဲ့။သူ့အသံကိုဟျွန်ဂျင်းပထမဦးဆုံးကြားဖူးတာပဲ။
"ဦးလေးနာမည်ကရော"
"ပြောပြဖို့လိုတာလား"
"ဪ...လိုတာပေါ့။ကျွန်တော်က မိတ်ဆက်နေတာလေ။ပြန်မိတ်ဆက်ပေးရမှာပေါ့"
"ငါမှမင်းကိုမသိချင်ပဲ"
"ဦးလေးက အဲ့ဒီလိုလူမှုရေးမရှိတဲ့လူလား"
"ဟုတ်တယ်"
အဲ....ဒီလူက ဘောက်ဆတ်ဆတ်ပေမယ့် တကယ်ချစ်ဖို့ကောင်းတာပဲ။ဟျွန်ဂျင်းကိုပြန်ပြောနေတာကကြောက်စရာမကောင်းဘဲ တကယ်ကိုချစ်စရာကြီး။ဖောင်းနေတဲ့ပါးတွေကို ဟျွန်ဂျင်းဆွဲညှစ်လိုက်ချင်မိတယ်။