ငယ်စဉ်ကတည်းက တိုက်ခိုက်ရေးပညာတို့နှင့် အတူတောတွင်းရှင်သန်နေထိုင်ရေးပညာရပ်များပါ လေ့လာခဲ့ရသည့် ရှောင်းကျန့်က ခဏဆိုသည့်အချိန်လေးမှာပင် မီးပုံတစ်ခုကို လျင်မြန်အောင်မြင်စွာပြုလုပ်ပြီးစီး၏။ပြီးနောက် မျက်စိရှေ့က ရေဆေးပြီးသား ဆန်များကို ဝါးကျည်တောက်ထဲထည့်လိုက်ကာ ရေအနည်းထည့်၍ ထိပ်ဝကို ပိတ်ဆို့လိုက်သည်။
ရှောင်းကျန်နှင့် တော်တော်ဝေးသည့်နေရာတွင် ဝမ်ရိပေါ်ရှိနေတာဖြစ်ပြီး စာအုပ်ဖတ်နေခြင်းဖြစ်သည်။ မသိချင်ယောင်ဆောင်ထားပေမယ့် ရှောင်းကျန့်ရှိရာဘက်သို့ ခဏခဏ လှမ်းကြည့်ဖြစ်၏။ ရှောင်းကျန့်ကမည်သူ့အပေါ်ကိုမှ အကြွေးတင်လိုစိတ်မရှိတာကြောင့် တချို့သောအရာများကို သူတတ်နိုင်သမျှလုပ်ဆောင်လိုကြောင်း ပြောထားတာဖြစ်၍ ဝမ်ရိပေါ်လွှတ်ထားပေးခြင်းဖြစ်သည်။
"ဝါးကျည်တောက်တွေကို..."
ဝမ်ရိပေါ် လှမ်းပြောဖို့လုပ်ပြီးမှ နှုတ်ဆိတ်၍နေလိုက်သည်။ ဝါးကျည်တောက်တွေကို မလှည့်ပေးဘူးလား။ ရေထည့် ဆန်ထည့်ပြီး မီးပုံထဲပစ်ထည့်လိုက်ရုံနဲ့ ထမင်းဆိုတဲ့အရာ ရလာခြင်းမဟုတ်။
အချိုးကျကျမလှည့်ပေးသည့်အခါဝါးကျည်တောက်၏ တစ်ဖက်ခြမ်းမှာ မီးကျွမ်း၍ အနက်ရောင်သို့ကူးပြောင်းလို့လာသည်။ မကြာခင် တူးနံ့ထွက်လာပြီး မီးစွဲလို့သွားကာ ဒဏ်မခံနိုင်ဘဲ ဝါးကျည်တောက်တစ်ခုလုံးတဖြည်းဖြည်းကွဲအက်လို့လာကာ အထဲမှ ထမင်းလိုလို ဆန်စိမ်းလိုလိုအရာတွေက မီးပုံအောက်ခြေတွင်ပြန့်ကျဲလို့သွားတော့၏။
ဝမ်ရိပေါ်ဘာမှဝင်မပြော ရှောင်းကျန့်ဘာဆက်လုပ်မလဲဆိုတာကိုသာ စိတ်ဝင်စားစွာ စောင့်ကြည့်လို့နေသည်။ရှောင်းကျန့်က ပြန့်ကျဲသွားသည့် ဆန်စေ့တွေကို ဖယ်ရှားလိုက်ကာ နေရာတစ်ခုတွင် သွား၍စုပုံလိုက်သည်။
အစက ရှောင်းကျန့်၏ ရည်ရွယ်ချက်ကို ဝမ်ရိပေါ်နားလည်ခြင်းမရှိ။နောက်မှထိုဆန်စေ့လေးတွေကို ငှက်လေးတွေ လာစားကာမှ ဝမ်ရိပေါ်သဘောပေါက်လိုက်၏။ ဉာဏ်ကောင်းတာပဲလား၊ ကြင်နာတတ်တာပဲလား ။အပြစ်လည်းလွတ် ကုသိုလ်လည်းရအောင် ငှက်စာအဖြစ်ပြောင်းလဲပေးခဲ့ပုံပါပဲ။

ESTÁS LEYENDO
Bamboo Forest
Fanficအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: