ပြီးဆုံးသွားတဲ့ မင်္ဂလာပွဲလေး။ ဟိုလူ ဒီလူ လူကြီးလူကောင်းတွေကို နှုတ်ဆက်နေသည့် မင်္ဂလာမောင်နှံမှာ ပြုံးပြုံးရွှင်ရွှင်။ ဟေးလားဝါးလားနဲ့ နှုတ်ဆက်စကားပြောနေကြတဲ့လူတွေအပါအဝင် အားလုံးရဲ့မျက်နှာမှာ အပြုံးရိပ်တွေ ထင်ဟပ်လို့။ အရမ်းကို ပျော်စရာကောင်းသည့် မင်္ဂလာပွဲလေးမှန်း သိသာလွန်းပါတယ်။
ပြန်သည့်သူကပြန်၊ တွေ့တုန်းဆုံတုန်း စကားပြောသည့်သူကပြောဖြင့် စည်ကားနေပေမဲ့ ပွဲခန်းမကြီးထဲမှာတော့ လူ သိပ်မရှိတော့။ ခန်းမထဲက ထိုင်ခုံတခုမှာတော့ မျက်နှာခပ်တည်တည်နဲ့ ကောင်လေးတယောက် ထိုင်နေတယ်။ ပျော်ရွှင်နေကြတဲ့လူတွေနဲ့ ကွဲပြားစွာ သူ့မျက်နှာဟာ ညို့မှိုင်းနေတယ်။
တံခါးဝမှာ ဧည့်ပရိသတ်တွေကို နှုတ်ဆက်နေတဲ့ မင်္ဂလာမောင်နှံကိုကြည့်ရင်း သူ့မျက်နှာက သုန်မှုန်နေတယ်။ မျက်တောင်တချက်မခတ်တဲ့သူဟာ လက်ထဲက တစ်ရှူးစကိုလည်း အစိတ်စိတ် အမွှာမွှာဖြစ်အောင် ချေမွတယ်။
"ကဲ ဒီမောင်နှံက မင်္ဂလာဦးကို ဒီဟိုတယ်မှာပဲ ဖြတ်သန်းမှာလား? ဟန်းနီးမွန်း ဘယ်ထွက်ကြမလဲဟေ့"
တယောက်တပေါက် မေးနေကြတဲ့လူတွေကို သတို့သမီးက ပြုံးပြုံးရွှင်ရွှင် ကြည့်လိုက်တယ်။ သတို့သားမျက်နှာကတော့ ရှက်လွန်းလို့ထင်ရဲ့။ ရဲတက်ပြီး အပြုံးနုနုလေး ချိတ်ဆွဲထားတယ်။
"ဒီနေ့တော့ ပင်ပန်းလွန်းနေပြီ။ ကျမနဲ့သူ တနေကုန် အလုပ်ရှုပ်ထားရတာဆိုတော့လေ။ အဲ့တော့ ဒီဟိုတယ်မှာပဲ ဒီည တည်းဖြစ်မယ်။ ဟုတ်တယ်မလား ကျန့်ကျန့်"
သတို့သမီးက သူမ သတို့သားအသစ်စက်စက်ကို ရွှန်းရွှန်းစားစားကြည့်တယ်။
"ယွဲ့ဟန်သဘောပါ"
မပွင့်တပွင့် ဖြေလာတဲ့လူကို သူမက ပြုံးလိုက်ရင်း တစုံတခုကို သတိရသွားသလို ဟိုဒီဝေ့ပတ်ရှာတယ်။
"အယ် သား ရှောင်ပေါ်ရော ရှောင်ပေါ်ရေ လာလေ"
ဘယ်တုန်းကတည်းက နောက်ရောက်နေတယ်မသိတဲ့ သူမ သားက သတို့သားကို မျက်စောင်းထိုးသလို ကြည့်တော့ သူမမှာ အားတွေ နာရတယ်။ သတို့သားကတော့ မျက်နှာခပ်ရဲရဲနဲ့ ဝမ်ရိပေါ်ရဲ့အကြည့်ကို ရင်မဆိုင်ရဲ။
YOU ARE READING
Cotton Thread ||One Shot||
Fiksi PenggemarLife is like a cotton thread, either you cut it or just sew it. နွေဦးတော်လှန်ရေးတွင် ထောင့်ပေါင်းစုံမှ ပါဝင်ထားသူများသာ ဖတ်ရန်ဖြစ်ပါသည်။