ဆောင်းဟွန်းဘဝမှာ ထိုင်မရထမရနဲ့၊ နေမထိထိုင်မသာဖြစ်ခဲ့ဖူးတဲ့ အခိုက်တန့်က အတိတ်မှာ နှစ်ခါတိတိရှိခဲ့ဖူးတယ်။ ပထမက ယူဂျင်းကိုမွေးတဲ့နေ့၊ ခွဲခန်းရှေ့မှာ ငုတ်တုပ်ထိုင်စောင့်နေရချိန်။ ဒုတိယ၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ်ကို ထိုင်စောင့်နေခဲ့ရတဲ့အချိန်။ ပြီးတော့ အခု ဒီနေ့။ ရာဇဝင် ရိုင်းလောက်အောင်ပဲ အိပ်ရာထကတည်းကနေစပြီး အခုချိန်ထိဆောင်းဟွန်းက ဘဲလ်သံတစ်ခုနဲ့၊ လူတစ်ယောက်ကို လည်ပင်းရှည်အောင် ထိုင်မျှော်နေရသတဲ့လေ။
ပုံမှန် ဒေါင်ခနဲဆို ရောက်လာတတ်တဲ့လူဟာ ဒီနေ့မှာ ပျောက်ချက်သားကောင်းလွန်းနေတာကတော့ အတော်ကိုထူးဆန်းနေတဲ့ ဖြစ်ရပ်။
မျှော်ချင်လို့ မျှော်နေရတာမျိုးတော့ မဟုတ်။သူက တာဝန်သိတတ်လွန်းတဲ့လူတစ်ယောက်မို့ မုန့်ထုပ်တွေ ပိုင်ရှင်ဆီပြန်အပ်ဖို့စောင့်ပေးနေရရုံလေး။ ကြားထဲမှာ တနင်္ဂနွေနေ့တစ်ရက်အပြင်၊ အများပြည်သူပိတ်ရက်တစ်ရက်ပါ ထပ်ပေါင်းလိုက်ရသေးတာမို့ အခုအင်္ဂါနေ့အထိတိုင် မရှည်တရှည်ဆွဲဆန့်ထားတဲ့ စိတ်လေးနဲ့ ဆောင်းဟွန်း ထိုင်စောင့်နေရတယ်။
ဟုတ်တယ်။ ဒီနေ့အထိပဲ။ အဲ့မုန့်တွေ ပြန်ပေးပြီးတာနဲ့၊ သူဘာမှ ထပ်ဂရုစိုက်စရာမလို တော့ဘူး။
ကိုယ့်အတွေးကိုယ် သဘောကျစွာနဲ့ ဆောင်းဟွန်းက ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ထောက်ခံလိုက်တယ်။
"ဘယ်သူ့ကို မျှော်နေတာလဲ၊ မှန်မှန်ပြောနော် ကိုကို.."
တစ်နေကုန် အမူရာမျိုးစုံနဲ့ လည်ပင်းရှည်မတတ် အစ်ကိုဖြစ်သူကို ထိုင်ကြည့်မနေနိုင်တော့တဲ့အဆုံး ယူဂျင်းတစ်ယောက် ပေါ်တင်သာ မေးချလိုက်တော့တယ်။
"ရီခီ့ကိုလား?"
"....."
နာမည်ကို ထုတ်ပြောလိုက်တာနဲ့၊ မတ်ခနဲဖြစ်သွားတဲ့ခါးနဲ့ ဘာကိစ္စမှမကြားခဲ့သလို ဟန်ဆောင်နေတဲ့ ဆောင်းဟွန်းရဲ့ပုံစံက ရယ်စရာလည်းကောင်းသလို၊ သနားလည်း သနားချင်စရာ။
"သူမလာဘူး ဒီမှာမရှိတော့ဘူး"
ဆောင်းဟွန်းကိုစချင်နေတဲ့ ယူဂျင်းက ခပ်ညစ်ညစ်လေးပြောလာတယ်။
YOU ARE READING
𝗪𝗔𝗡𝗡𝗔 𝗕𝗘 ; 𝗛𝗢𝗢𝗡𝗞𝗜
Fanfiction#Wanna_be #Hoonki #Written_in_Burmese #Unicode_only Start - 17.8.2022