အပိုင်း၄၄
သူ့အနေနှင့် ထိုပုဂ္ဂိုလ်ကြီးများထဲမှ မည်သူ့ကိုမျှ ရန်မစရဲခဲ့ချေ။ ရန်စမည်ဟုလည်း မတွေးခဲ့ဘူးချေ။ ယခုအခါ သုံးယောက်လုံးကို တစ်ပြိုင်တည်းရန်စလိုက်မိသည်။ ဝေ့ကျိုးအနေနှင့် သူ တစ်နေ့တာ၏အလင်းရောင်ကို မြင်နိုင်ပါမည်လောဟု စတင်သံသယဝင်လာ၏။
“သူဌေး အခု ဘယ်လိုဖြစ်နေမှန်း ကျွန်တော်တို့လည်း နားမလည်နိုင်တော့ပါဘူး”
ဝေ့ကျိုး၏လက်အောက်ငယ်သားများဖြစ်သော ပါပါရာဇီများက ထိတ်လန့်စွာဖြင့် ခေါင်းငုံ့ထားကြသည်။
သို့သော် ယခုမှ စကားများပြောရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူ့ကို လူတစ်ယောက်တည်းကသာ ကူညီနိုင်တော့၏။ ထို့ကြောင့် ဝေ့ကျိုးက အလျင်စလို အလင်းဦးနှောက်ကိုထုတ်လိုက်ပြီး တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ဆိုလိုက်သည်။ သိပ်မကြာခင်မှာ ချိတ်ဆက်မိသွား၏။
“ဘာလဲ”
တစ်ဖက်မှအေးစက်ကာ မထူးခြားသောအမျိုးသားတစ်ယောက်၏လေသံက ထွက်လာသည်။
“ယဲ့ရှောက် အခုတော့ ကပ်ဘေးဆိုက်ပြီ၊ အဲ့ဒီယွမ့်ထန်းဆိုတဲ့ကောင်က …”
“ငါ သိတယ်”
ဝေ့ကျိုး၏စကားမဆုံးသေးခင်ကတည်းက တစ်ဖက်က ဖြတ်ပြောလာသည်။
“ဒါဆို ကျွန်တော် ဘာဆက်လုပ်ရမလဲ”
ဝေ့ကျိုးက အထိတ်တလန့်ပြောသည်။
“ငါ မင်းကို ငါးသန်းပေးပြီးပြီ၊ ဒီကိစ္စက ဒီနေရာမှာတင် အဆုံးသတ်သွားပြီးပြီ၊ မင်း ဘာကိုပြောသင့်တယ်မပြောသင့်ဘူးဆိုတာ မင်းကိုယ်တိုင်သိသင့်တယ်”
တစ်ဖက်လူ၏လေသံက ယခင်အတိုင်း အေးစက်မြဲဖြစ်သည်။ အေးစက်လွန်းသဖြင့် တစ်ဖက်ကပင် အေးခဲမှုကိုခံစားရနိုင်၏။
“ဘာ”
ဝေ့ကျိုးက ကြောင်သွားသည်။