A/N အောက်ဆုံးက ရေးထားတာလေးဖတ်ပေးကြပါဦးလို့
---------"ကလေးဝ ဆင်းမဲ့ခရီးသည်များ ရောက်တော့မယ်နော်
ကိုယ့်ပစ္စည်းလေးတွေ သေချာစစ်ပါဦး မမေ့ပါနဲ့နော်"ကားစပယ်ယာ၏အော်သံကြောင့် အိပ်ချင်မူးတူးဖြစ်နေသည့်မျက်လုံးတွေဟာပွင့်လာရသည်။ ရှုပ်ပွနေသောဆံပင်ကိုလက်ဖြင့်သပ်ချလိုက်ကာ ကားပြတင်းကနေ အခြေအနေကိုအကဲခတ်လိုက်သည်။ ကားက တံတားကြီးတစ်ခုပေါ်ကိုဖြတ်နေတာဖြစ်ပြီး အနည်းငယ်မှောင်နေပြီဖြစ်သည့် အချိန်အခါဆိုတော့ တံတားကနေတစ်ဆင့် ဟိုဖက်ကမ်း ဒီဖက်ကမ်းမှာမီးတွေလင်းနေတာကိုတွေ့ရသည်။
ဒါက.. စိုးလေးမိုးလေးပြောသည့် သူတို့မြို့ကလေးက ချင်းတွင်းတံတားပဲဖြစ်ပါလိမ့်မည်။ ချထားသော အိတ်ကိုကောက်လွယ်လိုက်ပြီး အဝတ်အစားတွေကိုဆွဲဆန့်လိုက်သည်။ ကိုးလပိုင်းကုန်ခါနီးရာသီဥတုဟာဆိုရင် တောင်တန်းတွေကြားကမြို့ကလေးမှာတော့ ညနေစောင်းတွေမှာအနည်းငယ်အေးနေပြီဖြစ်သည်။ အနည်းငယ်နာကျင်နေသော ခေါင်းကိုစမ်းလိုက်မိတော့ ဘုတောင်ထနေသလိုပင်၊ သက်သောင့်သက်သာမရှိလှသော ဒီကားစုတ်ဟာဆိုရင် မှီအိပ်တာတောင်မှ တစ်ကိုယ်လုံးနာကျင်လို့။ လမ်းကလည်းသိပ်မကောင်းတာကြောင့်ပါလိမ့်မည်။
တံတားကိုဖြတ်ကျော်ပြီးဘယ်ဘက်ကိုချိုးလိုက်တော့ ထွမ်စဖော်မာတွေနှင့်လျှပ်စစ်ရုံးကြီးကိုမီးရောင်အောက်မှာတွေ့ရပြီး မြို့ထဲဝင်လာတော့သည်။
"ကဲ ရောက်ပါပြီ ကလေးဝဆင်းမဲ့သူတွေ ဒီမှာဂိတ်ဆုံးပါနော်"
ပြူးတူးပြာတာဖြင့် ဟိုကြည့်ဒီကြည့်လုပ်ရင်းဆင်းလာတော့ လက်ဖက်ရည်ဆိုင်ထဲကနေ လက်ပြပြီးသူ့ဆီကိုအမြန်လျှောက်လာသော သူငယ်ချင်းမကိုတွေ့လိုက်ရသည်။
"ဆုဆုလေး ရောက်လာပြီလား ကြောင်ချီးရုပ်ပေါက်နေပြီ"
"တော်စမ်းပါ ငါဘယ်လောက်စိတ်ညစ်နေလဲဆိုတာ နင့်ကိုပြောပြဦးမယ် စိုးလေးမိုးလေး"
အဲ့နာမည်ကိုခေါ်လိုက်လို့ရှုံ့မဲ့သွားသောမျက်နှာကိုကြည့်ကာ သူရယ်လိုက်သည်။ နာမည်အရင်းက စိုးမိုးသူဆိုပြီးဖြစ်ပေမဲ့ သူငယ်ချင်းတွေအချင်းချင်းစနောက်ကာခေါ်ကြရင်း စိုးလေးမိုးလေးဖြစ်သွားရတာပင်။