"ဆုဆုလေး သက်သာရဲ့လား"
"အင်း သက်သာတယ်"
"ဒီနေ့တော့ စိတ်ချလက်ချနားလိုက်ပါ၊ Merry Christmas ပါ ဆုဆုရေ"
Christmas ဆိုတော့ ပိတ်ရက်လည်းဖြစ်သလို၊ ဒီနယ်တစ်ဝိုက်ဟာများသောအားဖြင့် ချင်းလူမျိုးတွေက တစ်ဝက်နီးပါးရှိတာကြောင့် ခရစ်စမတ်ဆို တအားကိုစည်ပါသည်။ မြို့ထဲကဘုရားကျောင်းတွေမှာဆို ခရစ်စမတ်သစ်ပင်တွေ၊ မီးရောင်စုံတွေ၊ လက်ဆောင်ပေးသည့်သူတွေ၊ ဘုရားကျောင်းတက်သည့်သူတွေနှင့်တအားကိုစည်သည်။ သီချင်းသံတွေဟာလည်းနေရာအနှံ့အပြားမှာကြားလို့နေရသည်။
ဒီရက်ပိုင်းအတွင်းမှာ မိုးရွာတာရော၊ ရာသီဥတုအရမ်းအေးလွန်းတာရောကြောင့်အပြင် ညနေဘက်တွေပြန်လာသည့်အခါ ရေမချိုးရမနေနိုင်သည့်အတွက် အေးစက်နေသည့်အုတ်ကန်ထဲကညသိပ်ရေတွေကိုချိုးရာကနေ အအေးမိပြီးနေမကောင်းဖြစ်တော့သည်။ အစကတော့ ကလေးဝပြန်ဖို့လုပ်ပေမဲ့ အခုဆိုလူမနိုင်လို့ မမီးငယ်ကိုပါခေါ်လိုက်တော့ သူ့မှာရုံးပြန်ရင်လည်း တစ်ယောက်တည်းဆိုတော့ ခရိုင်ရုံးမှာသာနေလိုက်တော့သည်။
ဒီရက်ပိုင်းတွေအတွင်းမှာ အစ်မကသူ့ဆီကိုနေ့တိုင်းရောက်နေတာဖြစ်သလို သူစားဖို့အတွက်တစ်ခုပြီးတစ်ခုချက်ပေးတာမျိုး၊ သူသွင်းရမည့်စာရင်းဒေတာတွေကိုထိုင်သွင်းပေးသွားတာမျိုး လုပ်ပေးသည်။
"ဆုဆု အစ်မလာတယ်"
ရုံးမှာ ဒီနေ့တော့အကုန်လုံးအားလပ်နေကြတာဖြစ်သလို
ညနေကျရင်လည်း မြို့နယ်မှူးချင်းဆရာက ဘုရားကျောင်းမှာ ထမင်းစားဖိတ်ထားသေးသည်။ အကုန်လုံးလာရမည်ဟုဆိုထားတာကြောင့် သူတို့အားလုံးလည်းသွားကြရမည်။ ထို့အပြင်ညကျရင်လည်း ဘာမှမဆိုင်သော ဗမာဆရာတစ်စု၏ အရက်သောက်ပွဲကလည်းရှိသေးသည်။ သူတို့အုပ်စုကတော့ အစ်မအိမ်မှာပွဲလုပ်ဖို့စီစဉ်ထားကြသည်။"လုံးဝသက်သာသွားပြီမလား"
"သက်သာသွားပြီ အစ်မ"
"မေသက်တို့ရော"
"မမေသက်က ညနေမှပြန်လာမယ်တဲ့ မသိဘူးထွက်သွားတာ မမေဦးကတော့ မမီးငယ်နဲ့အတူ လက်ဆောင်သွားဝယ်တယ်တဲ့"