လှေကားပေါ်ကနေ အိပ်ချင်မူးတူးဖြင့်ဆင်းလာသော ကောင်မလေးဟာ ချစ်စရာကောင်းလွန်းသည်။ ညအိပ်ဝတ်သည့် ပန်းနုရောင်ဖျော့ဖျော့ မွှေးပွဂွမ်းကပ်င်္အကျီဝမ်းဆက်ကိုဝတ်ဆင်ထားကာ ကလေးဆန်ဆန်ပုံလေးက ကျွန်မအတွင်တော့ ကြည့်မိလေ နှုတ်ခမ်းတွေရဲ့ကွေးညွတ်မှုဟာ မရပ်တန့်နိုင်လေပါဘဲ။
"အစ်မ၊ ဘယ်လိုရောက်လာတာလဲ အေးလိုက်တာ"
မနက်ကိုးနာရီကျော်အချိန်ဟာဖျော့တော့တော့နေရောင်ကျရောက်နေပြီဆိုပေမဲ့ ရာသီဥတုကအေးစက်ကာ မြို့ကလေးပတ်ဝန်းကျင်က နှင်းမြူထုဟာတော့ အလုံးစုံလွင့်ပါးသွားခြင်းမရှိသေးပေ။ အေးလို့ ကျုံ့ထားသောပခုံးတွေနှင့် လက်နှစ်ဖက်ကိုပိုက်ရပ်ကာ ကျွန်မကို မေးခွန်းထုတ်နေသော ကောင်မလေးကိုရယ်ပြလိုက်ပြီး လက်ထဲက ငါးဆင့်ချိုင့်ကိုမြှောက်ပြလိုက်သည်။
"မနေ့ညကပြောတယ်လေ ညီမလေးစိုးမိုးပြန်သွားလို့ မနက်ဖြန်တော့ထမင်းငတ်တော့မှာဆိုပြီး ညည်းနေတာမဟုတ်ဘူးလား အဲ့ဒါကြောင့် ထမင်းချိုင့်လာပို့တာပါ
မနက်စာရောပါတယ်""ဟီးဟီး ခဏစောင့် ညီမလေးရုံးအောက်ထပ်တံခါးသော့သွားယူလိုက်ဦးမယ်"
အပေါ်ပြေးတက်သွားပြီး အောက်ထပ်သော့တွေယူကာ တံခါးတွေဖွင့်လိုက်သည်။ ကျွန်မယူလာသောချိုင့်နှင့် နွေးနေဆဲဖြစ်သည့် မုန့်ဟင်းခါးအရည်ထည့်ထားသော တစ်ဆင့်ချိုင့်ကလေးကို အနောက်မီးဖိုချောင်က ထမင်းစားစားပွဲပေါ်တင်ပေးလိုက်သည်။ မကြာခဏရောက်ဖူးနေသည့်နေရာမို့လို့ စိမ်းသက်နေခြင်းတော့မရှိလှ။ ငယ်ငယ်ကတည်းက ဖေဖေကမကြာခဏခေါ်လာတတ်တာမို့ အတော်ရင်းနှီးသည်ဟုပင်ဆိုရမည်။
"ညီမလေးမျက်နှာသစ်လိုက်ဦးမယ်နော် အစ်မ"
ပြောပြီးရေကန်ကိုပြေးထွက်သွားသောကောင်မလေးကို မီးဖိုအနောက်ဘက်တံခါးရဲ့အုတ်ခုံမှာထိုင်ချလိုက်ရင်း ကျွန်မငေးကြည့်နေမိသည်။ သေးသေးသွယ်သွယ်ကောင်မလေးဟာ ကျောင်းတုန်းကထက်စာရင်တော့ အနည်းငယ်ပြည့်လာသလို ပို၍လည်းလှလာသည်။ သွားတိုက်နေတာကအစ၊ မျက်နှာသစ်လို့ရေစက်တွေကျနေတာအဆုံး မလွှဲဖယ်နိုင်အောင်ငေးကြည့်နေမိသည်။