လေလာနေသာတဲ့နေ့လေးမှာ ငါတစ်ယောက်တည်း ခပ်အေးအေးပဲလမ်းလျှောက်နေခဲ့တယ်။အဲဒီအချိန်မှာပဲ ငါ့ရည်းစားဆီက ဖုန်းကောလ်တစ်ခုဝင်လာတယ်။“ရှောင်ရှင်း ခုဘာလုပ်နေလဲ”
“ကမ္ဘာမြေကြီးပေါ်မှာရပ်နေတာ”
“ဟား ဟ ဟား မနောက်နဲ့ကွာ။ကိုယ်အတည်မေးနေတာ...”
လေလှိုင်းကြားကတဆင့် ငါ့ရည်းစားရဲ့ရယ်သံလွင်လွင်လေးက ထွက်ပေါ်လာတယ်။
လေအဝေ့မှာ တိမ်မျှင်တစ်စလွင့်ပါးရွေ့လျားသွားသလို ငါ့နှလုံးသားလေးက တလှပ်လှပ်လှုပ်ခတ်သွားတယ်လို့ ပြောရင် အဲ့တာပိုတာမဟုတ်ဘူး။
ငါ့ရည်းစားရဲ့ရယ်သံလေးက.....
ထားပါတော့..။
ငါ့ရည်းစားရဲ့ရယ်သံတွေကို တခုပ်တရခွဲခြမ်းစိတ်ဖြာပြနေလည်း ဘာမှထူးလာမှာ မဟုတ်ပါဘူး။ဘာလို့ဆို အဲ့ဒီရယ်သံလွင်လွင်လေးတွေကို သိုမှီးစွန့်ကြဲဖန်တီးတတ်တဲ့ကောင်ငယ်လေးက ငါ့ရည်းစားဖြစ်ပြီးသားမို့လေ..“အတည်ပြောနေတာ။ခုကမ္ဘာမြေကြီးပေါ်မှာ ရပ်နေတာ”
ဟုတ်ပါပြီကွာ...ဆိုတဲ့လက်မြှောက်အရှုံးပေးဟန်ပါတဲ့စကားသံနဲ့အတူ “အမျိုးသမီးတစ်ယောက်ပြောတဲ့စကားတိုင်းကအမှန်”ဆိုတဲ့သဘောတရားကို စွဲစွဲမြဲမြဲကျင့်သုံးတတ်တဲ့ငါ့ရည်းစားဆီက ရယ်သံချိုချိုလေးတွေက ထပ်မံထွက်ကျလာပြန်တယ်။
တကယ်လည်း ကမ္ဘာမြေကြီးပေါ်ရပ်နေတယ်ဆိုတာ ငါလိမ်နေတာမဟုတ်ဘူး။
အမှန်တကယ်ကို ငါကမ္ဘာမြေကြီးပေါ်ရပ်နေတာ။အိမ်ကထွက်လာတုန်းကအထိ၊ကတ္တရာလမ်းမပေါ်လျှောက်လှမ်းနေတုန်းကအထိ စိတ်လိုလက်ရနဲ့ငါ့နားကတစ်ဖဝါးမှမခွာချင်ခဲ့တဲ့ငါ့ခြေညှပ်ဖိနပ်လေးက ဟောဒီကျောက်ခဲမြေကျစ်နီနီသေးသေးလေးတွေ ဗရပွရှိနေတဲ့မြေနီလမ်းလေးပေါ်ရောက်မှ သဘောထားချင်းမတိုက်ဆိုင်တော့လို့...၊အချိန်မပေးနိုင်တော့လို့...ဆိုတဲ့စကားတွေနဲ့ ငါ့ခြေဖဝါးအောက်မှာ ပိုင်ပိုင်နိုင်နိုင်ခွာပြဲသွားလေရဲ့။အဲ့တာမို့လည်း နေသာလေလာပူကျွတ်နေတဲ့ကောင်းကင်နဲ့မြေကြီးကြားမှာ ကပ်ညပ်ပိတ်မိနေရင်း ငါခပ်အေးအေးပဲ လမ်းလျှောက်နေခဲ့ရတာပေါ့။