ငါတို့ရှင်သန်နေတဲ့ဟောဒီစကြဝဠာကြီးထဲ ခံရခက်ဆုံးဝေဒနာက အသည်းကွဲတာနဲ့ သွားကိုက်တာလို့ ပြောရင် ကျန်တဲ့ဒုက္ခမျိုးကို ငါမကြုံဖူးသေးလို့ပါပဲ။ဒီဒုက္ခဝေဒနာနှစ်မျိုးလုံးကို ငါကောင်းကောင်းကြီးခံစားဖူးတယ်။
နိုး နိုး နိုး
အဲ့လိုပြောလိုက်လို့ ငါနဲ့ငါ့ရည်းစားရဲ့ချစ်ခရီးလမ်းလေးများ ပြတ်တောက်ရပ်စဲသွားပြီလားလို့ အထင်မရောက်စေချင်ပါဘူး။
ငါမြင်ဖူးတဲ့လက်တန်းဆောင်ပုဒ်တစ်ခုကို မှီငြမ်းငှားရမ်းသုံးစွဲရရင် ငါ့နဲ့ငါရည်းစားရဲ့ဆက်ဆံရေးက ကျောက်စိမ်းကဲ့သို့ ခိုင်မာပါတယ်။
စကားပြန်ဆက်ရရင် ခု ငါ့ရည်းစားရဲ့သူငယ်ချင်းက ဟိုတစ်ခါသွားကိုက်ဝေဒနာကိုပဲ ထပ်မံခံစားရပြီး ဒီတခေါက်မှာတော့ ဆေးရုံတက်ရတဲ့အထိ ပြင်းထန်ခဲ့တယ်။
တကယ်က သွားကိုက်ဝေဒနာသက်သက်ကြောင့်ရယ်တော့ မဟုတ်ဘူး။ဘယ်အစာမှမဝင်ဘဲ နောက်ဆုံးအားပြတ်သွားတာလို့ ပြောရင် ပိုပြီးတိကျမယ်ထင်တယ်။
“ညဘက်တွေ သွားတိုက်ဖို့ ပျင်းတာ။နည်းတောင်နည်းသေးတယ်။သွားကြောဖြတ်လိုက်မှအေးမှာ”
ငါ့ရည်းစားရဲ့ခပ်မာမာလေသံက အခန်းအပြင်ကသာ ကြားရင် မဆိုသလောက်လေးနည်းနည်းကြောက်စရာကောင်းပြီး ဆူပူဟန်ရှိပေမဲ့လို့ စွပ်ပြုတ်ပူပူကို နွေးတယ်ဆိုရုံလေးမှုတ်တိုက်နေတဲ့ပုံကို မျက်မြင်ကိုယ်တွေ့တွေ့နေရတဲ့ငါကတော့ အဲဒီဟာကို မဟုတ်ဘူးလို့ ငြင်းတယ်။
“ဆူနေပြန်ပြီ”
“မင်းကဆူချင်စရာကို”
“ဟုတ်သားပဲ အချစ်ရဲ့။လူမမာကို”
“ရှောင်ရှင်းမသိဘူး။သူသိပ်ဂျစ်တာ။ပျင်းလည်းပျင်းသေး”
ငါ့ကိုလှည့်ကြည့်ပြီး ရန်ဖြစ်တိုင်း လူကြီးကို ဦးအောင်တိုင်တတ်တဲ့ခြောက်နှစ်ကလေးလိုပုံနဲ့ငါ့ရည်းစားဟာလည်း ငါ့ရည်းစားရဲ့သူငယ်ချင်းနဲ့အပြိုင် နှုတ်ခမ်းချွန်နေတာပါပဲ။
ဆေးရုံတက်ရကြောင်း ဖုန်းလှမ်းဆက်တုန်းကဆို ပြိုမလိုမိုးလို ညှို့မှိုင်းအုပ်ဆိုင်းထိတ်လန့်သွားရှာတဲ့ငါ့ရည်းစားက ငါသာဘေးမှာရှိမနေခဲ့ရင် အရပ်မျက်နှာခွဲခြားမတတ်တဲ့လူလို နေရာတင်ခြေမကိုင်မိလက်မကိုင်မိအတော်ကြာရပ်နေလိမ့်မယ်ဆိုတာ ငါလုံးဝပြောနိုင်တယ်။