ငါက တစ်ယောက်တည်းသိုဝှက်ပြီး ကြိတ်ခံစားတတ်တဲ့လူမျိုးမဟုတ်ဘူး။
ငါက စိတ်ထဲရှိသမျှ၊တွေးသမျှကိစ္စရပ်တွေတိုင်းကို တစ်ပါးသူလက်ခံသည်ဖြစ်စေ၊လက်မခံသည် ဖြစ်စေ ထုတ်ဟရင်ဖွင့်တတ်တဲ့လူမျိုး။ဒီကိစ္စမှာလည်း ခြွင်းချက်တော့ မရှိပါဘူး။
ငါ့ရည်းစားနဲ့ငါ့ရည်းစားရဲ့သူငယ်ချင်းက အထက်တန်းနောက်ဆုံးနှစ်မှ တွေ့ပြီး ခင်သွားကြတာလို့ ငါ့ရည်းစားဆီ ကြားခဲ့ရတုန်းကဆို ငါ့အောက်မေးရိုးကို ငါ့ရှေ့ကစားပွဲအောက် ကုန်းရှာပြီး ပြန်တပ်ခဲ့ရတဲ့အထိ ငါအံ့ဩခဲ့တာ။
ငါထင်ထားတာက၊ ငါ့စိတ်ကူးထဲက သူတို့နှစ်ယောက်က မွေးခန်းတစ်ခုထဲမှာ တစ်ချိန်တည်းမွေးပြီး ချက်ကြိုးအယောင်ဆောင်ထားတဲ့ဖူးစာကြိုးနီတွေဟာ ဖြည်မရလေအောင် ပူးကပ်လိမ်ယှက်နေလိမ့်မယ်၊မဟုတ်လည်း ဒီနီတာရဲအသည်းယားစရာမွေးကင်းစပေါက်စိပေါက်စနလေးနှစ်ယောက်ရဲ့လက်သန်းလေးနှစ်ခုက ကတိသင်္ကေတသဖွယ် ထိခတ်တွယ်ယှက်နေကြမယ်လို့ပေါ့။
ငါကနည်းနည်း မဟုတ်ဘဲ အတော်လေးကို စိတ်ကူးယဥ်ဆန်သွားမိပုံပဲ။
~~~
တစ်ခါတုန်းက ငါတို့သုံးယောက်အတူရှိနေတုန်း ငါ ဒီလိုမေးခဲ့ဖူးတယ်။
“အချစ်တို့က soulmateတွေထင်တယ်”
ပင်လယ်ပြာကြီးတစ်ခုကို ငေးမောနေသလို..
မြက်ခင်းစိမ်းတွေပေါ် သက်သောင့်သက်သာကျောခင်းအိပ်နေရင်း တိမ်တိုက်တိမ်ဆုပ်တွေရဲ့လားရာကို စူးစမ်းတွက်ဆနေသလို..တစ်စုံတရာပေါ်အကြည့်တွေနစ်မြုပ်ထားတဲ့ငါ့ရည်းစားရဲ့မျက်လုံးတွေကလည်း ဆုံချက်ပျက်သွားရသလို၊ဓာတ်မတည့်မှုတစ်ခုကြောင့် နီရဲနေတဲ့ငါ့ရည်းစားရဲ့လည်ပင်းပေါ် ပြေးလွှားကူးလူးဆေးလိမ်းပေးနေရှာတဲ့ငါ့ရည်းစားရဲ့သူငယ်ချင်းလက်တွေဟာလည်း တိခနဲ ရပ်တန့်သွားတယ်။
“ဟာ မဟုတ်တာ...”
“မဟုတ်တာ မဟုတ်တာ။ဒီကောင်က allergicထရင် ပျောက်ခဲလို့ပါ။အဲတာမို့...”
ဘယ်လိုသာတွေးထင်ပြီးအသည်းအသန်ငြင်းချက်ထုတ်လာသလဲ မသိတဲ့စကားတွေက ငါ့နားထဲမဝင်။
ပန်းခင်းလှလှလေးကို ကြည့်ကောင်းကောင်းနဲ့ငေးနေတုန်းမှာ လေနီကြမ်းဝင်မွှေခံလိုက်ရသလိုမျိုး..စိတ်မကြည်လင်စွာနဲ့ ခုံလက်တန်းပေါ် ထောက်တင်ထားတဲ့လက်ပေါ်က ပါးတစ်ခြမ်းကို ဖယ်ခွာလိုက်တယ်။“ရှောင်ရှင်း..”
“ရှောင်ရှင်း”
ဘာတွေကို ထပ်ပြီးအဓိပ္ပါယ်ပေါက်သွားသလဲမသိတဲ့နှစ်ယောက်က မျက်နှာငယ်လေးတွေနဲ့ ငါ့ကိုအပြိုင်အဆိုင်ကြည့်လာတယ်။
~~~
Soulmateဆိုတာက သူငယ်ချင်းတွေကြားမှာလည်း ရှိနိုင်ကြောင်း၊ဖူးစာဖက်လို့ အဓိပ္ပါယ်ရပေမဲ့ ဟိုလိုဖူးစာဖက်တော့ မဟုတ်လေကြောင်း ငါလျှာထွက်မတတ်ရှင်းပြလိုက်မှ သက်သောင့်သက်သာအမူအရာပြသွားတဲ့နှစ်ယောက်ကို ကြည့်ရင်း ငါ့ရင်ထဲခံစားချက်တစ်မျိုး တိုးဝင်လာတယ်။
အမြင့်ဆုံးရောက်မှ ကိုယ့်အခြေကိုယ်ရိုက်ချိုးရသလိုမျိုး...
ကမ္ဘာကျော်ဟာသတစ်ခုကို ရယ်ရယ်ရွှန်းရွှန်းပြောပြပေမဲ့ တစ်ဖက်ကနားမလည်တဲ့အခါမျိုး....
အဲဒီနှစ်မျိုးပေါင်းပြီး ငါကငါ့ခံစားချက်ကို အမြင့်ဆုံးရောက်မှ ဒါအမှန်မဟုတ်တဲ့အတုအယောင်ဆိုတဲ့အတွေးနဲ့ ပြန်သတ်လိုက်ရတဲ့လူလိုမျိုး ခံစားလိုက်ရတယ်။
ရှေ့ကအဆင်ပြေသွားတဲ့နှစ်ယောက်ကုိ ကြည့်ပြီး ငါအဆင်မပြေဖြစ်လာတယ်။
ဒီလိုပဲ သိုဝှက်မထားတတ်တဲ့ငါ့ဆီက စကားလုံးတစ်ချို့က လျှံကျလာတယ်။
လောလောလတ်လတ်တင် ပြဿနာတစ်ခုဖြေရှင်းပြီးရုံ ရှိသေးတာဆိုပေမဲ့ ငါ့ဆီက စကားလုံးတစ်ချို့က လျှံကျထွက်လာတယ်။“အချစ်တို့က ဘာလို့ soulmateမဖြစ်ချင်ရတာလဲ”
စိုးရိမ်သလို ငါ့ဆီအခြေတည်လာတဲ့မျက်ဝန်းနှစ်စုံကို ကျော်ချပစ်ရင်း ငါစဥ်းစားခန်းဝင်နေမိတယ်။
လူနှစ်ယောက်က အကြောင်းအရာတစ်ခုတည်းကို ပြိုင်တူအသည်းအသန်ငြင်းနေရင် အဲတာမသင်္ကာစရာကောင်းတဲ့အငွေ့အသက်တွေပဲ။
အဲဒီငြင်းနေတဲ့အရာက ဟုတ်နေလို့ အကြောက်အကန်ငြင်းနေတာဖြစ်နိုင်သလို
ဒါမှမဟုတ်ရင် အဲဒီငြင်းနေရတဲ့အရာကို လက်မခံသဘောမကျလို့ဘဲ။“ဒါဆို အချစ်တို့က right personတွေဖြစ်ချင်တာလား”
“ရှောင်ရှင်း.........”×2