Chapter 0. The Story Begin [Unicode ver]

184 17 6
                                    

Unicode

မိုးတွေပြိုလို့ ကောင်းကင်ကြီးအက်ကွဲသွားရင် မောင်က ငါ့ကိုပြန်ချစ်မှာလား။

ငါ့ဘဝကြီးကို ချနင်းခွင့်ပေးခဲ့ပြီးပြီ မောင်။
ငါ့အသည်းတွေကိုလည်း ဆုပ်ချေခဲ့ပြီးပြီမလား။

မောင် ဘာထပ်လိုချင်သေးလဲ။
ငါ့အသက်နဲ့ ငါ့ခန္ဓာလား။ ဒါမှမဟုတ် ငါ့နှလုံးသားလား။ မောင်လိုရာစေလိုက်စမ်းပါ။ ငါကမောင့်အတွက်ဆို အရှုံးပေးပြီးသားမို့။ ဒီတိုင်း ငါ့ကိုအမိန့်ပေးလိုက်။ ငါ မောင့်အတွက် သေပေးမယ်။

ဒါပေမဲ့ တစ်ခုတော့ရှိတယ်။
ငါနဲ့အတူ မောင်လည်းလိုက်ခဲ့ရမယ်။
ရွေးချယ်ခွင့်မရှိဘူး။ အဆင်သင့်ဖြစ်ရင် ခေါင်းငြိမ့်လိုက်တော့ မောင်။ နောက်ထပ်မနာကျင်ရတော့ဘူး။ ခဏလေးအတွင်း ငြိမ်းချမ်းသွားမှာ။ မောင် ငါ့ကိုယုံလိုက်။

အမှန်တကယ်ပါပဲ အချိန်ခဏလေးအတွင်း...
အုန်းခွံရောင် တံယောလေးမှာ သွေးနီနီတွေပေကျံလို့သွားပြီဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ တံယောလေးရဲ့ ကြိုးတွေထဲမှာမှ မပြတ်ပဲခိုင်ခိုင်တွဲနေတဲ့ ကြိုးတစ်ချောင်းလည်းရှိသေးတယ်လေ။ ဒါတော့ ဘယ်ဖြစ်မလဲ။

အကြင်နာမဲ့စွာပဲ သွေးပေနေတဲ့ဓားနဲ့သာ လှီးဖြတ်လိုက်တော့တယ်။

မောင်သိပ်မြတ်နိုးတဲ့ တယောလေးက ငါ့ကိုလှောင်ရယ်နေတယ် မောင်။ အခုတော့ သူဘာတတ်နိုင်သေးလို့လဲ။ ကြိုးပြတ်နေတဲ့တယောကို ဘယ်သူကများနှစ်သက်ဦးမှာလဲ။ မောင်ပြောကြည့်စမ်း။ ငါက သူ့ထက်တော့သာတယ်မဟုတ်ဘူးလား။ ငါက...သူ့ထက်တော့လှတယ်မဟုတ်ဘူးလား။ မောင်ပြောကြည့်စမ်း။ ငါ...ငါက။

သူ့ထက်တော့အရေးပါတယ်...မဟုတ်ဘူးလား။

မောင်ငါနဲ့အတူသေပေးခဲ့ပြီမလား။ ဒါပေမဲ့ ဘာလို့...ဘာလို့ ငါကတစ်ယောက်ထဲအထီးကျန်နေရတာလဲ။ မောင် ဘယ်ကိုထွက်သွားပြန်တာလဲ။ ငါ့ကိုမထားခဲ့ရဘူး မောင်။ ငါ့ဆီကိုပြန်လာရမယ်။ မောင် သေချာပေါက်ပြန်မွေးဖွားလာရမယ်။

အုန်းခွံရောင်တယောလေးပေါ်မှာ စွန်းထင်းနေတဲ့ သွေးနီနီတွေခြောက်သွားတဲ့အခါ မောင် ငါ့ဆီကို သေချာပေါက်ပြန်လာခဲ့ပါ။

မောင်သိပ်မြတ်နိုးတဲ့ တယောလေးကို ငါ့ဆီမှာလာရှာလှည့်ပါ။ ငါ ကြိုးတွေပြန်တပ်ရင်း ထိုင်စောင့်နေမယ်လေ။ နောက်တစ်ကြိမ်ပြန်ဆုံကြတဲ့အခါ ငါ့ဆီမှာမရှိတော့တဲ့ နှလုံးသားကို မောင့်ဆီကပြန်တောင်းပြီး သေချာလေးထုပ်ပိုးလို့ တယောလေးနဲ့အတူ မောင့်ကိုလက်ဆောင်ပြန်ပေးပါ့မယ်။

မောင့်ဘာသာ နင်းပဲချေချေ ရိုက်ပဲခွဲခွဲ မောင့်သဘောပါပဲ။ နောက်တစ်ကြိမ်ပြန်ဆုံတဲ့အခါကျ မောင့်နဖူးလေးကို အနမ်းပေးရင်း အသေအချာနှုတ်ဆက်ပါ့မယ်။ ငါတို့စတွေ့ခဲ့ကြတုန်းကလိုမျိုး ဒူးလေးညွန့်လို့ ခါးလေးကိုင်းပြီး။

"တစ်ဆိတ်...ကျွန်တော့်နှလုံးသားလေး မင်းခြေဖျားအောက် ပြုတ်ကျသွားလို့ အဆင်ပြေရင်ပြန်ကောက်ပေးလို့ရနိုင်မလား။ မပြေရင်လည်း နင်းချေလိုက်လို့ရပါတယ်။ ကျွန်တော်က ကိစ္စမရှိဘူးရယ်"
_____________________

ပုံပြင်လေးက ဒီလိုစတယ်။ ကြေကွဲခြင်းတွေ နာကျင်ခြင်းတွေ ရောင်စုံရောလို့ ခြယ်မှုန်းလိုက်တဲ့အခါ မောင် ဆိုတဲ့ပန်းချီကားလေးဖြစ်တည်လာတယ်။ ပန်းချီကားဟာ သိန်းချီတန်တယ်။ သိပ်ကိုမှလည်းလှရက်လွန်းတယ်။ ပိုင်ဆိုင်ခွင့်မရတဲ့လူအဖို့ ရူးမတတ်နာကျင်ရပေမဲ့ ပန်းချီကားရဲ့အလှကတော့ ပျက်မသွားခဲ့ဘူးလေ။

မောင်ဟာ စုန်းကဝေအလား ပြုစားနိုင်လွန်းတယ်။ မျက်လုံးချင်းဆုံတဲ့အခါ မြတ်နိုးမှုကိုဖြစ်ပေါ်စေတယ်။ အသားချင်းထိမိတဲ့အခါ အတောမသတ်နိုင်တဲ့ တပ်မက်ခြင်းကိုတည်စေပြန်တယ်။ မောင်က သိပ်လည်းရယ်ရတယ်။ ငါ့ကိုစွဲစွဲလန်းလန်းသုံးဆောင်ပြီးကာမှ မချစ်ခဲ့ဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့ထားခဲ့ရက်တယ်။ အဆုံးသတ်မှာဘာတွေကျန်ခဲ့လဲ။ မောင်ပေးခဲ့တဲ့ အနမ်းတွေနဲ့ ရင်ဘတ်ထဲကနာကျင်ခြင်းတွေပဲ။

ပုံပြင်တိုင်းရဲ့နောက်ကွယ်မှာ ဖန်တီးသူတွေရှိပါတယ်။ တစ်ခါတလေကျ နာမည်ရေးလည်း အရာမထင်ပဲကျန်ခဲ့တတ်တော့ ဖန်တီးသူကကွယ်ပျောက်သွားရတယ်။ 20 ရာစုခေတ်က ပုံပြင်လေးတစ်ပုဒ်က သိပ်ကြည်နူးဖို့ကောင်းတယ်။ ဖန်တီးသူဟာ ဇာတ်ကောင်ကိုယ်တိုင်ပဲဖြစ်သလို ခပ်တုံးတုံး လူငယ်တစ်ယောက်ဆိုလည်းမမှားဘူး။

အချစ်အတွက်နဲ့ပဲ လောကကြီးကိုဆန့်ကျင်ခဲ့သလို အချစ်အတွက်နဲ့ပဲ အသက်ကိုပါစတေးခဲ့တယ်။ ဒါက လူတွေအမြင်မှာ ကဗျာဆန်ရင်ဆန်နေလိမ့်မယ်။ တကယ်တမ်းကျ သိပ်ရူးမိုက်တဲ့အလုပ်ပဲ။

တစ်ချိန်ကသာ ကိုယ့်အသက်ကိုတန်ဖိုးထားခဲ့ရင် အခုချိန်မောင့်မျက်နှာလေး မြင်ခွင့်ရချင် ရနေမှာ...။

Give Up: A Story From The 20th Century Where stories live. Discover now