10 | မတော်တဆတစ်ခု

156 17 21
                                    

<<Unicode>>

Chapter 10 | မတော်တဆတစ်ခု

အရှိန်အဟုန်ပြင်းပြင်းဖြင့် တောက်လောင်နေသော မီးတောက်နီနီကြီးသည် သူ့အား အကြောင်သားငေးကြည့်နေသည့် နိုးကို အားမာန်အပြည့်ဖြင့် ပြန်လည်စိုက်ကြည့်သည်။ လေအဟုန်မှာ ဘယ်ညာယိမ်းလျက် ကခုန်မြူးတူးသည်။ သူသည် မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေတစ်ယောက်အလား မိမိကို တွေ့သည်နှင့် ပျော်ရွှင်လှိုက်မောစွာ နှုတ်ဆက်လာသည်။

နိုး ဦးနှောက်သည် စက္ကန့်ပိုင်းလောက် နောက်ကျပြီးမှ မိမိမီးဖိုခန်းမီးလောင်နေသည်ကို သတင်းရသည်။ ဘာလုပ်ရမလဲ ဟူသည့် အမေးကို တုန်လှုပ်မှုက တားဆီးနေတာကြောင့် အဖြေမရခင်အတောတွင်း နိုး ထိတ်လန့်လျက်ရှိသည်။

အယောင်ယောင်အမှားမှားဖြင့် မီးဖိုခန်းထဲ ဝေ့ဝဲကြည့်ရာ မျက်လုံးထဲ ဝင်လာသည့် ရေပုလင်း။ ဟုတ်သည်။ မီးကို ရေနှင့် ငြိမ်းရမည်။ ဦးနှောက်ရဲ့ စေခိုင်းမှုဖြင့် ပုလင်းကို မ,ကာ မီးလောင်နေသည့် frying pan ထဲ လောင်းထည့်မည်အပြု ကြီးမားတောင့်တင်းသည့် လက်မောင်းတစ်စုံဖြင့် တားဆီးခြင်းကို ခံလိုက်ရတာကြောင့် ရေများသည် ကြမ်းပြင်ပေါ်သို့ အကြမ်းပတမ်း မှောက်ကျသွားသည်။

" မလုပ်နဲ့! ဒီမှာနေ! "

အက်ရှရှ ခပ်လောလော အသံတစ်ခုကို ကြားလိုက်မှ သည်မှာ နိုး တစ်ယောက်ထဲ ရှိနေတာမဟုတ်ကြောင်း သတိရမိသွားသည်။ နိုးလက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော တစ်ဖက်လူ၏ လက်ဖဝါးသည် ချွေးများစို့နေပြီး ပူနွေးလျက်ရှိသည်။ သူ၏ မျက်ခုံးတန်းများနှင့် မက်မွန်မျက်ဝန်းများပေါ်တွင် စိုးရိမ်မှုများ ပြေးလွှားနေသည်။

ရု နိုးကို သူ့ကျောအနောက်သို့ပိုလိုက်ပြီး မီးတောက်နှင့် နိုးအကြား ဝင်ရပ်လိုက်သည်။ ရုသည် မနေ့က ဒီမှာ ဟင်းချက်သွားသည်မလို့ ဒီကမီးဖိုပလပ်နေရာများနှင့် အလုပ်လုပ်ပုံကို ရင်းနှီးနေသည်။ ဒါကြောင့် လျှပ်စစ်မီးဖိုပလပ်ခေါင်းကို သိပ်မရှာလိုက်ရပဲ အလျှင်အမြန်ဆွဲဖြုတ်လိုက်သည်။

အနီးအနားက အိုးအဖုံးနှင့် ဆင်တူသည့် အုပ်ဆောင်းတစ်ခုကို ဆွဲယူကာ ဒေါင်လိုက်အနေအထားဖြင့် လောင်နေသော မီးတောက်ကို အပေါ်မှ အုပ်ချသည်။ မီးတောက်သည် မငြိမ်းချင် ငြိမ်းချင်ဖြင့် တရှဲရှဲအော်မြည်ကာ အိုးနှင့် အဖုံး လွတ်နေသော နေရာလွတ်အကြားမှ မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး ငြိမ်ကျသွားသည်။ ထိုမှ အားနေသည့် လက်တစ်ဖက်ဖြင့် လက်နှီးစုတ်တစ်ခုကို ကြားခံအဖြစ်သုံးကာ ပူနေသော အိုးကို ဘေစင်ထဲထည့်ပစ်ထည့်လိုက်သည်။

ပင်လယ်ကြီးသာ ငို​ကျွေးခဲ့မယ်ဆိုရင် | #2 🖋Donde viven las historias. Descúbrelo ahora