12 | ကိုကိုနဲ့ မမရဲ့ ဝန်ခံချက်

226 17 7
                                    

Sry for the late update guys🤧. Enjoy!

~~~~~~~~~~~~~~

<<Unicode>>

Chapter 12 | ကိုကိုနဲ့ မမရဲ့ ဝန်ခံချက်

မှိန်ဖျော့ဖျော့အလင်းရောင်တို့ကိုသာ အမှီပြုနေသော အခန်းကျယ်ကြီးသည် ကြောက်မက်ဖွယ်အတိ။ အခန်းအပူချိန်သည်လည်း နာရီသံတချောက်ချောက်နှင့်အပြိုင် ကျဆင်းပြိုလဲနေသည်။ အခန်းကျယ်ကြီး၏ အဆုံးတွင် နေရာချထားသော ကျွန်းစားပွဲရှည်ကြီး ထိပ်တွင် လျှောက်လမ်းကျယ်ကို ကျောပေးကာ အရှိန်အဝါအပြည့်ဖြင့် မိန့်မိန့်ကြီးထိုင်နေသည့် သူတစ်ဦးရှိသည်။ သူ၏ ခန္ဓာကိုယ်အနှံ့အပြားသည် ပတ်တီးဖြူဖြူတို့ဖြင့် ဖုံးကွယ်ထားခြင်းကို ခံနေရသော်လည်း သနားဖွယ်ရာကောင်းမနေတဲ့ အပြင် ထိုပတ်တီးများအောက်မှ လူသတ်ငွေ့များပင် တဟိန်းဟိန်းယိုဆိမ့်ဖိတ်ဆင်းနေသယောင်ပင်။

သူသည် အ​ရည်အ​သွေး​ကောင်းလှသည့် ဝီစကီထည့်ထား​သော ​လေး​ထောင့် ဖန်ခွက်ကို ပွတ်သပ်ရင်း သူ့အရှေ့က ဖောက်ထွင်းမြင်နေရသော မှန်အပြင်ဘက် တစ်နေရာကို ငေးကြည့်နေသည်။ ကောင်းကင်ကြီးသည် တိမ်များကင်းစင်လျက် အစွမ်းကုန် ကြည်လင်နေပုံများ မှောင်မဲနေသော သူ့မျက်နှာကို မျက်ကွယ်ပြုထားသည့် အလား အောင့်မေ့ရသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုက သူ့စိတ်တွေနှင့် ဆန့်ကျင်စွာပင် အေးချမ်းစွာဖြင့် ကြည်နူးသာယာဖွယ်အတိဖြစ်နေသည်။

တိတ်နေသော အခန်းကြီးတွင် တံစဉ်းတိုက်သံတစ်ခုသည်လည်း ရံဖန်ရံခါထွက်လာတတ်သည်။ အသံနောက်လိုက်ကြည့်ပါက ကျွန်းစားပွဲဘောင်ကို မှီရပ်ကာ လက်သည်းတိုက်နေသော အမျိုးသမီးတစ်ဦးကို တွေ့ရမည်။ ထိုအမျိုးသမီး၏ နှင်းဆီရင့်ရောင်ရဲနေသော နှုတ်ခမ်းပါးတို့သည် မျဉ်းပြိုင်တစ်ခုလို တည်တန့်စေပြီး ပန်းဆီရောင်သန်းနေသော မျက်နှာထားသည်လည်း မာထန်နေသည်။ သူမထံမှ ဖျက်စီးလိုစိတ်ပြင်းပြသော အငွေ့သက်များကို ရလိုက်ပါသလား။

ကျွီဟူသော လေးလေးပင့်ပင့်ထွက်ကျလာသော အသံကြောင့် မိုနာ့တံစဉ်းတိုက်သံသည် တိခနဲ ပြတ်တောက်သွားသည်။ တစ်ချိန်ထဲတွင် စူးရှနေသော သူမ၏ မျက်ဝန်းချွန်ချွန်တို့သည် ကြီးမားလေးလံလှသော ကျွန်းတံခါးကြီးဆီ တည့်တည့်မတ်မတ်ကျရောက်သည်။ သူမနှင့် ဆန့်ကျင်စွာပင် ဈာန်သည် ဝင်လာသော ဧည့်သည်တော်များဟာ ဘယ်သူဘယ်ဝါဖြစ်သလဲဆိုတာကို စိတ်မဝင်စားသည့် ဟန်ဖြင့် သူ၏ သားရေဆုံလည်ကုလားထိုင်ကြီးသည် တုတ်တုတ်တောင်မလှုပ်။

ပင်လယ်ကြီးသာ ငို​ကျွေးခဲ့မယ်ဆိုရင် | #2 🖋Dove le storie prendono vita. Scoprilo ora