[Unicode]
ဧည့်ခန်းပွဲကို သူတို့ အိမ်ရဲ့ ခြံထဲ၌သာ ကိုယ့်လက်ကိုယ့်ခြေနှင့် ပြုလုပ်ဖို့ နှစ်ယောက်တူတူ ဆုံးဖြတ်လိုက်တည်းက သူတို့ နှစ်ဦး ကောင်းကောင်းကို မနားရတော့။ ပွဲအတွက် ပြင်ဆင်လိုက် ရုံးက အလုပ်ကိစ္စများလုပ်လိုက်နှင့် နှစ်ယောက်သား အားလပ်ချိန်ဆိုတာ ညမိုးချုပ်သာ ရှိသည်။
ယခုလည်း ရုံးအလုပ် အားချိန်၌ ပွဲအတွက် အစားအသောက် ရွေးဖို့ ဘတ်ခ်ဟျွန်းက တစ်နေရာသို့ ထွက်လာခဲ့ပြီး ဘတ်ခ်ဟျွန်းရဲ့ အမျိုးသားကတော့ သွားစရာ ရှိသည်ဟု ပြောကာ ထွက်သွား၏။
ဘယ်သွားမလို့လဲဟု ဘတ်ခ်ဟျွန်း မေးခဲ့ပေမဲ့ မဖြေ။ နှုတ်ခမ်း တစ်ဖက် ကော့တက်ရုံ ပြုံး၍ မျက်စိ တစ်ဖက် မှိတ်ပြကာ ရုံးမှ မန်နေဂျာအား ပေးထားသည့် ကားကို ငှား၍သွားသည်။
" တကယ် အမြင်ကပ်ဖို့ ကောင်းတဲ့ အဘိုးကြီးနော် ... သူများက သိချင်နေတာကို မပြောဘူး "
နှုတ်ခမ်းလေး ချွန်ပြီး ပြောနေတဲ့ ဘတ်ခ်ဟျွန်း တစ်ယောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။
သူ ဘယ်အချိန်ထိ ထိုလူကို အခုလို နာမ်စားတိတိကျကျ မရှိဘဲ ခေါ်နေမှာလဲ။ အရင်ကတော့ အရေးမပါတဲ့ အရာမို့လို့ သူက တွေးမနေခဲ့ပေမဲ့ အခုတော့ သူ့အတွက် အရေးပါနေပြီလေ။ ဒါကြောင့် သူ စဉ်းစားမိသည်။ အဲ့လူက သူ့ထက်ကြီးသည့် အဘိုးကြီးမို့လို့ အဲ့လူ သူ့ကို ခေါ်သလို နာမည်တော့ ခေါ်မရ။ ဒါဆို ဘယ်လိုခေါ်ရမလဲ။
ခေါင်းထဲ နာမ်စား မျိုးစုံ ရောက်လာပေမဲ့ အလွန် အူယားစရာကောင်းသည်ဟု ထင်တာကြောင့် ပယ်ချပစ်လိုက်၏။
" အဆင်ပြေပြေ ခေါ်လို့ရမှာမျိုး မရှိတော့ဘူးလား "
မျက်မှောင်လေး ကြုတ်ရင်း ထပ်ခါ အလေးနက်တွေးရန် ပြင်လိုက်တုန်းမှာပဲ ထွက်ပေါ်လာတဲ့ ဖုန်းမြည်သံ။ ဘတ်ခ်ဟျွန်း ယူကြည့်လိုက်တော့ မသိတဲ့ နံပါတ် ဖြစ်နေသည်။ ပုံမှန်ဆို ဒီလို မသိတဲ့ နံပါတ်ဆီမှ ဖုန်းဝင်လာလျှင် ဘတ်ခ်ဟျွန်း မကိုင်တာ များပေမဲ့ အခုတလောမှာတော့ ပွဲကိစ္စကြောင့် ဖုန်းနံပါတ် ပေးထားတဲ့ သူတွေ ရှိနေတာမို့လို့ ဘတ်ခ်ဟျွန်း ကားကို အဆင်ပြေမဲ့ နေရာမှာ ရပ်လိုက်ပြီး ဖုန်းကိုင်လိုက်၏။