EP (5)

546 85 12
                                    

သစ်ရိပ်လွှမ်းခြုံ ဧည့်ရိပ်မြုံ ၊
ရိပ်လွှမ်းလေးတို့ အိမ်ဟုဆို။

--------

ပန်းရောင်ခြယ်ထားသည့် စက္ကူပန်းပင်လေးတွေ ရှိသည်။ စိမ်းစို၊ လန်းဆန်းသည့် ပျိုးပင်ငယ်လေးတွေ ရှိသည်။ ကြောင်ပေါက်လေးတွေ၏ မြူးထူး ဆော့ကစားသံတို့ ရှိသည်။ ထိုအရပ်သည် သစ်ရိပ်လွှမ်း၏ အိမ်ငယ်လေးပင် ဖြစ်သည်။

"မမလတ်"

မတိုးလွန်း မကျယ်လွန်းသည့် ရိပ်လွှမ်း၏ အသံလေးက တစ်ဖက်လူ ကြားနိုင်ရန်အတွက် လုံလောက်၏။ သစ်ပင်လေးတွေကို ရေလောင်းနေသည့် မမလတ်သည် ခြံတံခါးဝမှ ရိပ်လွှမ်း၏ ခေါ်သံကို ကြားသည်နှင့်တစ်ပြိုင်နက် အပြေးလာ၍ ခြံတံခါးကို ဖွင့်ပေး၏။

ရိပ်လွှမ်း၏ သစ်ပင်စိုက်ပျိုးသည့် ဝါသနာကို အားပေးအားမြှောက် ပြုကြသော မိသားစုဝင်များသည် ရိပ်လွှမ်း စိုက်ပျိုးထားသည့် သစ်ပင်လေးတွေကိုလည်း ထိုကဲ့သို့ ဂရုတစိုက် ရှိလှ၏။

"လက်ထဲလည်း မနိုင်မနင်းပါလား ငယ်လေးရယ်။ မမလတ်ကို ပေး"

ကိုကိုကြီး ပေးထားသည့် လက်ဆောင်ပုံးကြီး အပြင်
အိမ်မှ ပေးခိုင်းထားသည့် မုန့်လုံးရေပေါ် ချိုင့်ကြီးကိုပါ သယ်လာရသည့် အတွက် ရိပ်လွှမ်းခမျာ တကယ်ကို မနိုင်မနင်း။

မမလတ်မှ ချိုင့်ကို လှမ်းယူပေးမှုကြောင့်သာ တော်သေးသည်။ ယခုမှ ကိုကိုကြီး ပေးထားသည့် လက်ဆောင်ကို လက်နှစ်ဖက်ဖြင့် သေသေချာချာ ပိုက်ပွေ့ထားနိုင်ပါ၏။

ကိုကိုကြီးနှင့် တွေ့ခဲ့ရသည်ရော သဘောကျရသည့် လက်ဆောင်ပစ္စည်းလေးတွေကိုပါ ရခဲ့ခြင်းကြောင့် ရိပ်လွှမ်း၏ အပြုံးနုနုလေးတွေဟာ ထင်ထင်ရှားရှား ပေါ်ထွက်နေသည်။

ချိုသာသည့် အပြုံးလေးတွေသည် သစ်ပင်ပေါ်၌ တင်ကျန်နေသည့် ရေစက်လေးတွေ သဖွယ် တောက်ပလျက်ရှိ၏။

"ကိုကြီး မြတ်ရောင်ခြည်နဲ့ တွေ့ခဲ့ရတယ်မလား။ မျက်နှာလေးကို ပြုံးနေတာပဲ"

ရိပ်လွှမ်း၏ အပျော်လေးတွေသည် အပြင်သို့တောင် လျှံကျကုန်သည်ထင်။ မိမိကိုယ်တိုင်တောင် သတိမထားမိပါဘဲနှင့် မျက်နှာလေးသည် အလိုလိုပင် ပြုံးမိနေပါ၏။ ထိုအချိန်၌ မမလတ်ထံမှ ကြားလိုက်ရသော အမေးစကားကြောင့် ရိပ်လွှမ်း၏ အပြုံးလေးတွေက ပို၍ပင် ထင်ရှားလာတော့သည်။

သစ်လွှမ်းရောင်ခြည်Where stories live. Discover now