Ep (4)

731 104 25
                                    

သင်္ကြန်လေသည် ညင်းသွဲ့သွဲ့။ ထိုညင်းသွဲ့သွဲ့ လေနှင့်အတူ ဖြစ်တည်လာသည်က ရိပ်လွှမ်း၏ အသံ ဖွဖွကလေး ဖြစ်သည်။ မြတ်နိုးသူထံမှ လက်ဆောင်ရရှိသည့် အပင်လေးတွေထံ အပြုံးနုနု အပ်နှင်းရင်း စိုက်ကြည့်နေသည့် အသွင်က အေးချမ်းဖွယ်ကောင်းလွန်းလှ၏။

" Succulent အပင်လေးတွေက နေရောင်ခြည်ကို သဘောကျတဲ့ အပင်လေးတွေတဲ့ ကိုကိုကြီး။ ဒါပေမဲ့ သူတို့က ရေတော့ သိပ်မကြိုက်ဘူး။ အပင်လေးတွေ မြန်မြန် ကြီးအောင်ဆိုပြီး ရေကို နေ့တိုင်းလောင်းပေးရင် ရေလောင်းများပြီး အမြစ်လေးတွေ ပုပ်သွားတတ်တယ်။ အဲတာကြောင့် သူတို့ကို မြေကြီးခြောက်မှ ဒါမှမဟုတ် ၁၅ရက်နေမှ တစ်ခါလောက် ရေလောင်းရင် အဆင်ပြေတယ်"

စကားသိပ်နည်းသည့် ရိပ်လွှမ်းက အပင်လေးတွေ အကြောင်း ပြောရပြီဆိုလျှင် စကားသိပ်များလွန်းသည့် သာလိကာ ပေါက်စလေးသဖွယ် ဖြစ်သွားတတ်သည်။ ယခုလည်း လက်ဆောင်ရထားသည့် ပန်းအိုးလေးတွေကို ရင်ခွင်၌ ထွေးပွေ့လိုက် မျက်စိရှေ့သို့ မြှောက်ကြည့်လိုက်ဖြင့် ထိုအပင်လေးတွေ၏ အကြောင်းကို တတွတ်တွတ် ပြောနေတော့၏။

အပင်လေးတွေက လောကကြီးကို အေးချမ်းစေသည်။ လောကကြီးကို အကျိုးပြုသည်။ ထို့အတူ လူသားတို့ကိုလည်း အထောက်အကူပြုစေ၏။ အပင်ကြီးတွေထံမှ အရိပ်အာဝါသရသလို အပင်ငယ်လေးတွေထံမှလည်း အမြင်အာရုံကို အေးချမ်းစေသည့် စိမ်းမြမြ ခံစားချက်လေးတွေကို ရရှိ၏။ ဆိုးကျိုးဖြစ်စေသည့် အပင်မျိုးစိတ်တွေ ရှိပေမဲ့ လောကကြီးကို ကောင်းကျိုး ဖြစ်စေသည့် အပင်တွေက ပို၍ များသည်။ ထို့ကြောင့် သည်လို စိမ်းမြမြ အပင်လေးတွေကို ရိပ်လွှမ်း သိပ်ချစ်ရပါ၏။

"ပြီးတော့လေ ကိုကိုကြီး သိလား။ သူတို့ကို ရေလောင်းရင် အရွက်ပေါ်ကနေ တိုက်ရိုက် မလောင်းရဘူး။ မြေဆီလွှာကိုပဲ တိုက်ရိုက် လောင်းပေးရမှာ"

အပင်လေးတွေထံ စိုက်ကြည့်ရင် သတိလက်လွတ် စကားတွေ တတွတ်တွတ် ပြောမိနေရာမှ တစ်ဖက်သို့ လှည့်ကြည့်လိုက်တော့ ရိပ်လွှမ်းထံ စိုက်ကြည့်နေသည့် ကိုကိုကြီး။ နွေးထွေးညင်သာလွန်းသည့် မျက်ဝန်းတစ်စုံသည် ရိပ်လွှမ်း၏ နှလုံးသားလေးထံ နူးညံ့စွာ လာရောက် တိုးဝှေ့သကဲ့သို့။ နှလုံးသားလေးထံ လာရောက် ချည်နှောင်သကဲ့သို့။ ပြုံးရောင်သန်းနေသည့် ထိုမျက်ဝန်းညိုတွေသည် နှလုံးသားသို့ပင် လာရောက် ချည်နှောင်သည် မဟုတ်။ ရိပ်လွှမ်း၏ အသက်ရှုသံ ဖျော့ဖျော့လေးမှသည် စိတ်ဝိညာဉ်လေးအထိပင် ရစ်နှောင်ဖွဲ့လာသလားဟုပင် ထင်ရပါ၏။

သစ်လွှမ်းရောင်ခြည်Tahanan ng mga kuwento. Tumuklas ngayon