မနက်ခင်းတွေကိုမုန်းသည်။
နိုးထလာရတဲ့နေ့သစ်တစ်ရက်၊တက်ကြွလှုပ်ရှားမှုရဲ့အစဖြစ်သည့် မနက်ခင်းကို သူတကယ်ပင်မုန်းသည်။
သို့သော် ခြားနားစွာပင် ညနေခင်းတွေကိုတော့ အလွန်နှစ်သက်သည်။
တိမ်ထူသည့် ညနေခင်း၊ တိမ်တောက်သည့် ညနေ
ခင်း၊မိုးရွာသည့်ညနေခင်း၊ နှင်းကျသည့် ညနေခင်း။ဘယ်လိုပင်ဖြစ်နေပါစေ ညနေခင်းချိန်က နေ့ရက်တစ်ရက်ရဲ့ အလှဆုံးအချိန်ဟုထင်မိသည်။ဒီနေ့အတွက်ကတော့ မိုးအုံ့သည့်ညနေခင်းဖြစ်သည်။သို့သော် မှိုင်းညို့နေသည့်မီးခိုရောင်
တိမ်လိပ်တို့က မကြာခင်မှာပင် မိုးရွာတော့မည့်ညနေခင်းအဖြစ်သို့ ကူးပြောင်းရန်အလားလာရှိ
ကြောင်း သတိပေးနေဟန်။ထို့အတူ ချမ်းစိမ့်စိမ့်
လေပြည်လေးများနှင့်ရှေ့ပြေး လျှပ်စီးအလင်းတန်းတို့ကလည်း ထိုအချက်ကိုထောက်ခံပေးသယောင်။ဆောင်းဟွန်းဟာ ကဗျာဆရာတစ်ယောက်
မဟုတ်သည့်အတွက် သူ့ရှေ့ကမြင်ကွင်းကို
ကာရန်နံပေလိုက်အောင် မဖွဲ့ဆိုတတ်ပါ။ သူခံစားမိသည်ကတော့ ရိုးရှင်းပါသည်။ အလွန်လှသည်။ဒီလိုနဲ့ပဲ ဆောင်းဟွန်းရဲ့တစ်နေ့တာက ကုန်ဆုံးဖို့အစပြုလာခဲ့ပြီ။
ဒီနေ့လည်း ဆိုးလ်မြို့ရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ ဆောင်းဟွန်းပါဝင်နေခြင်းမရှိသည်က အသေအချာပင်။ ကိုယ်တိုင်ပင် ရှိမနေဖို့ရွေးချယ်ခဲ့တာလား ဒါမှမဟုတ် ရှိခွင့်မပေးခဲ့တာလား။
မျက်ရည်စတွေလား မိုးရေစက်တွေလားပင် မသဲကွဲတော့သည့်တိုင်အောင် သူအငိုသန်နေခဲ့မိသည်။
ငိုခြင်းက ရှက်စရာမဟုတ်သည့်အတွက် သူမရှက်ပါ။စိတ်အလိုအလျောက်ဖြစ်လာသည့် ခံစားချက်တစ်ခုသာဖြစ်သည်ဟု ခံယူထားသည်။တစ်ချိန်က သူ့မျက်ရည်တွေကို မိုးရေစက်တွေအဖြစ်သို့ပြောင်းသွားရန် ဆုတောင်းခဲ့ဖူးသည်။
မိုးစက်တွေက အနည်းဆုံးတော့ လူတွေကိုအေးချမ်းမှုပေးနိုင်မယ်မလား။ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်ခဲ့မိသလဲနော်...