Jungkookစိတ်ဆိုးပြီးထွက်သွားတာကြောင့် Jimin တစ်ယောက်ပဲ ကျောင်းကိုထွက်လာခဲ့သည်။ အလှပြင်လွန်းနေတာမို့ ပထမတစ်ချိန်ဆရာက ကြိုရောက်နှင့်နေပြီ။ ဒါကြောင့်
တစ်ဝက်တစ်ပြတ်ကြီးဝင်မသင်နေတော့ဘူး။ အကျိုးရှိအောင် မနေ့ကပါမောက္ခရဲ့အခန်းပဲ လိုက်ရှာတော့မယ်လို့ ဆုံးဖြတ်ပစ်လိုက်တယ်။"အင်္ဂလိပ်စာပါမောက္ခ အခန်းဘယ်နားလောက်မှာ ရှိလဲဗျ"
"ချယ်ရီပင်ကြီးတွေ့လား အဲ့နောက်ကအခန်းပဲ"
"ဟုတ်ကဲ့ ကျေးဇူးပါ"
နားနေခန်းသည် ကဗျာဆန်ဆန်လေး။ အပွင့်တွေမဝေဆာသေးပေမယ့် ချယ်ရီပင်ကြီးအောက်မှာ အဆောက်အအုံအဖြူရောင်လေးသည် နှင်းတွေကြား သူများတွေနဲ့ကွဲပြားနေတာတော့အမှန်ပဲ။ လူကြီးနဲ့ပတ်သက်ရင် အရာရာ လှပနေတာဟာ ဘက်လိုက်တဲ့ခံစားချက်တွေကြောင့်လည်းပါမယ်ထင်ပါရဲ့...။
အခန်းထဲမဝင်ခင် အင်္ကျီလေးကို သပ်ရပ်အောင် နေရာချလိုက်သည်။ ဘေးအရမ်းခွဲထားသော ဆံပင်ကောက်ကောက်ကွေးကွေးလေးတွေသည် စကားနားမထောင်စွာ ထိုးထိုးထောင်ထောင်။ လက်ကလေးတွေဖြင့် ဆံပင်တွေအား ပိပြားအောင်သပ်တင်ရင်း အခန်းတွင်းသို့ ခေါင်းလေးဝင်ကာ ချောင်းကြည့်လိုက်သည်။
အပြာရောင်အနုအကွက်လက်ရှည်ကို ဝတ်ဆင်ထားကာ တံတောင်ဆစ်ထိ အင်္ကျီလက်ရှည်ကို ခေါက်ထားဟန်သည် သွေးကြောစိမ်းများထင်းခနဲ လင်းခနဲ...။ ကော်ဖီတစ်ခွက်နှင့် စာအုပ်တစ်အုပ်သည် သူ့လက်တွေထဲ တစ်ဖက်စီ။ လုပ်နေကျအလုပ်တစ်ခုလို အေးအေးဆေးဆေးငြိမ်ငြိမ်ချမ်းချမ်းပုံစံသည် Jimin လိုအမြဲတမ်းရှက်ပြာနေတဲ့ကောင်လေးနဲ့မအပ်စက်ပေမယ့် ဒီလိုဆန့်ကျင်ဘက်ဖြစ်လို့လည်း ပိုစိတ်ဝင်စားမိတာဖြစ်နိုင်သည်။ အသေးစိတ်အနုစိတ် လိုက်ကြည့်ချင်မိကာ သူဘာလေးပဲလုပ်လုပ်နှစ်ခြိုက်နေမိနေသည်။ ပါမောက္ခက ဟာကွက်မရှိအောင် ခန့်ညားလိုက်တာဟုပင် စိတ်ထဲရေရွတ်လိုက်မိတဲ့အထိ...။
"အခန်းပြင်ကဘယ်သူလဲ ဝင်လာခဲ့"
ရင်ဘတ်သည်ဒိန်းခနဲ။ သြဇာတိက္ကမရှိသောအသံသည် သူ့အားတုန်လှုပ်သွားစေတာလား။ ရင်သည်ပဲဘောင်ကျော်စွာ ခုန်ပေါက်လွန်းနေခဲ့သလား..။မတွေးတတ်။
![](https://img.wattpad.com/cover/330422940-288-k956884.jpg)