ဧရာဝတီမြစ်ပြင်ကျယ်ကို မျက်နှာမူကာ ရပ်နေသည့် အမျိုးသမီး တစ်ဦး။ သူမကတော့ အခြားသူ မဟုတ်ခဲ့ပေ။ ဒေါက်တာဆူးပန်းရိပ်သာ ဖြစ်သည်။အရာရာအားလုံး ဥပေက္ခာပြုခြင်းတွေနှင့် ကျောခိုင်းပြီး မြန်မာမြေကထွက်ခွာခဲ့သည့် အနှစ် ၂၀ ကျော်ခဲ့ပြီ ဖြစ်သည်။ ယခု ပြန်လာသည့်ကလည်း အကြီး ခင်ထားရီ၏ ကျန်းမာရေးကြောင့် နှင့် အစ်ကိုဖြစ်သူ ဝဏ္ဏကျော် သေဆုံးခြင်းကြောင့်ပင် ဖြစ်သည်။ ဝဏ္ဏကျော် အသက်ရှင်နေသ၍ မြန်မာပြည်ကို ခြေမချတော့ဘူးဟု ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်တိုင်း ယခု အစ်ကို မရှိတော့မှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ထိုနေရာ ထိုအရပ်ကို သူမ ပြန်ရောက်လာတော့လည်း တစ်စုံတစ်ယောက်ကို တမ်းတလာမိလေသည်။ ထိုတစ်စုံတစ်ယောက်နှင့် အတူ သားငယ်ကိုလည်း သတိရလာမိလေသည်။
အနှစ် ၂၀ လုံး ပစ်ထားသည့် မိခင်ကို သား စိတ်နာနေမလား။ တွေးမိလေတော့ သူမနှလုံးသားက နာကျင်လာရလေသည်။
ထိုအချိန်က သားကို ပွေ့ပြီး မျက်ရည်တွေနှင့် ထွက်သွားသော မောင်။ မောင့် ကျောပြင်ကို ကြည့်ပြီး ဆူး ငိုခဲ့ရလေသည်။ သားငယ်ကို နို့ချိုတိုက်ကျွေးရမည့် အချိန်ရောက်တိုင်း နို့တွေသက်လာသဖြင့် ဆူး အသံတိတ်ငိုခဲ့ရလေသည်။ သူမ နှလုံးသားတွေ ကွဲကြေခဲ့ပြီးသားမို့ နောက်ဆုံးတော့ ရဲရင့်နှင့် အတင်းအကျပ်လက်ထပ်ပေးမှုကိုပါ ငြင်းဆန်ခဲ့လိုက်လေသည်။
နားလည်မှုရှိလေသော ရဲရင့်ကလည်း သူမကို အပြည့်အဝနားလည်ပေးကာ လက်ထပ်ပွဲကို နောက်ဆုတ်ပေးပြီး သူမကို နှစ်သိမ့်ပေးခဲ့ပြန်သည်။
မှတ်မိနေပါသေးသည်။ ထိုနေ့က အခန်းထဲဝင်ကာ မောင့်ထွက်သွားသည့် အထိ တင်းခံနေခဲ့သော မျက်ရည်တို့သည် ဆည်ကျိုးကျသကဲ့သို့ ရှိုက်ငိုမိလေသည်။"ဒေါက် ဒေါက်"
အခန်းတံခါးခေါက်သံကြောင့် မျက်ရည်တွေကို ကပြာကယာသုတ်ကာ အခန်းတံခါးဖွင့်ပေးလိုက်တော့ ရဲရင့် ဖြစ်နေလေသည်။
"ကိုရဲရင့်"
"ဟုတ်ပါတယ်၊ ကျွန်တော်ဆူးနဲ့ စကားအေးဆေး ပြောချင်လို့ပါ"
YOU ARE READING
ကြည်ဖြူမေတ္တာ
Romanceမ~~~နှလုံးသားနှင့်အနီးဆုံး (ဒုတိယတွဲ) မင်းအဂ္ဂါ/ဆူးပန်းရိပ် တိမ်ယံခ/မျက်ဝန်းညို