မျက်လုံးနှစ်လုံးကိုဖွင့်လိုက်တော့ ပထမဆုံးမြင်ရတာဟာ အဖြူရောင်မီးလုံးတွေလင်းထိန်နေတဲ့ အဖြူရောင်မျက်နှာကြက်တစ်ခု။ဘေးဘီဝဲယာကိုလှည့်ကြည့်ချင်ပေမယ့် မူးဝေနေတဲ့ခေါင်းကခွင့်မပြု။ပိုးသတ်ဆေးနံ့တွေလှိုင်ထနေတဲ့ အနံ့ပြင်းပြင်းတစ်ခုက နှာခေါင်းထဲတိုးဝင်လာတော့ မျက်မှောင်ကို အသာကြုံ့မိသည်။မူးဝေနေတဲ့ခေါင်းကို လက်နဲ့အုပ်ကိုင်မိတော့ ပတ်တီးကိုစမ်းမိပြန်သည်။
*ဘာအခြေအနေကြီးလဲ။ဘာလို့ဆေးရုံရောက်နေရတာလဲ။ဘာလို့ပတ်တီးစည်းထားရတာလဲ။သူဘာဖြစ်သွားတာလဲ။သူဘယ်သူလဲ။ဘာဆိုဘာမှမမှတ်မိတော့။အခုသူ့ခေါင်းထဲမှာရှိနေသမျှက ဗလာသက်သက်သာ*
"ဂျေး...ဂျေးသတိရလာပီလား။သားသား ဘယ်လိုနေသေးလဲ"
မိန်းမကြီးတစ်ယောက်ရဲ့ အော်ခေါ်သံကိုကြားတာကြောင့် မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ကြည့်လိုက်မိသည်။တဖြေးဖြေးကြည်လာလာတဲ့ မြင်ကွင်းတွေကြား မိန်းမကြီးတစ်ယောက် ယောက်ျားကြီးတစ်ယောက် ဆရာဝန်တစ်ယောက်နှင့် နာ့စ်တစ်ယောက်ကိုတွေ့သည်။
"ခင်ဗျားကဘယ်သူလဲ"
ရေဓာတ်ခန်းခြောက်နေတဲ့ အသံရှတတနဲ့ပြောလိုက်တဲ့ စကားအဆုံး ဆေးရုံခန်းတစ်ခန်းလုံးတိတ်ဆိတ်သွားသည်။မိနစ်အနည်းငယ်ကြာမှ အမျိုးသမီးကြီးက မျက်ရည်တွေအပြည့်နှင့် ကိစ္စတစ်ချို့ကိုရှင်းပြလာသည်။
သူ့နာမည်ကဂျေး။ပတ်ဂျေး။ဂျေးက ကုမ္ပဏီတစ်ခုရဲ့ သာမန်ရုံးဝန်ထမ်းလေးတစ်ယောက်။ဆေးရုံခန်းထဲက အမျိုးသမီးကြီးက ဂျေးမိခင်ဖြစ်ပီး အမျိုးသားကြီးကတော့ ဂျေးဖခင်ဖြစ်သည်။ဆေးရုံပေါ်ရောက်လာတဲ့ အကြောင်းအရင်းကတော့ ကုမ္ပဏီကအပြန် ကားအက်စီးဒင့်ဖြစ်တာကြောင့်။
ဂျေးရဲ့တုန့်ပြန်မှုအရဆိုရင် ဒါဟာဦးနှောက်ကိုထိခိုက်မိပီး မှတ်ညဏ်ပျောက်ဆုံးတာဖြစ်သည်။ဆိုးဆိုးရွားရွားအဆင့်မဟုတ်ပေမယ့် ဆရာဝန်က အတိတ်ကိုပြန်မှတ်မိစေဖို့ အတင်းအကြပ်ဖိအားပေးမကြိုးစားဖို့ သတိပေးသည်။ကျန်တာကတော့ အခြေအနေကောင်းသည်။